ကျောက်ပန်းတောင်း ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအတွက် ၂၀၂၁-ခုနှစ်မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို (၂၆.၅.၂၀၂၁) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ၊ ယမန်နေ့က ကြက်ဆူတောကျေးရွာအုပ်စုနှင့် ဆင်ခေါင်းကျေးရွာ အုပ်စုတို့မှ တောင်သူ(၇၅)ဦးတို့အား ငွေကျပ်(၃၈၆.၅)သိန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာစည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးနိုင်ရန်အတွက်၊ ဘူတာရပ်ကွက်ရှိ ပိန္နှဲတောဘုန်းတော်ကြီးကျောင်းတွင် စနစ်တကျထုတ်ချေးပေးနေခြင်းဖြစ်ကြောင်း သိရပြီး၊ ယခု၂၀၂၁-ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စု(၉၃)အုပ်စုမှ တောင်သူ (၁၄၀၀) ဦးခန့်ကို ငွေကျပ်သိန်းပေါင်း(၆၇၀၀၀) ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကိုထုတ်ချေးရာတွင် ယမန်နှစ်ချေးငွေပြေကြေပြီးကျေးရွာများကို ဦးစားပေးအတိုင်း အမြန်ဆန်ဆုံးစီစဉ်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဝင်းဌေးဦးက ပြောပါသည်။
နေအောင်(ပြန်/ဆက်)