လယ်ဝေး ဇွန် ၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ယနေ့နံနက်မှစတင်၍ ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသားကျောင်းသူများ အား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေးဘေစင်တွင် လက် ဆေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် Faceshield တပ်ဆင်ခြင်း စသည်တို့အား ဆောင်ရွက်စေပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားရေးအတွက် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဆရာဆရာမများ က ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
လယ်ဝေးမြို့နယ်အတွင်း အခြေခံပညာကျောင်း(၂၆၄)ကျောင်းတွင် မူလတန်းအဆင့် (၂၁၈၅၀)ဦး၊ အလယ်တန်းအဆင့်(၁၂၅၆၅)ဦး၊ အထက်တန်းအဆင့်(၂၉၂၃)ဦး စုစုပေါင်း (၃၇၃၃၈)ဦး ကျောင်းအပ်နှံထားရာ ယနေ့အထိ ကျောင်းသားကျောင်းသူ(၃၅၃၀၅)ဦး တက် ရောက် ပညာသင်ကြား လျက်ရှိပြီး ကျန်ရှိသည့်ကျောင်းသားကျောင်းသူများလည်း ဆက်လက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။