မန္တလေး ဇွန် ၁
မန္တလေးတိုင်းဒေသကြီးအတွင်း ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ယနေ့ မွန်းတည့် ၁၂ နာရီက စတင်ကျင်းပ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ သွားရောက် ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို စာဖြေဌာန(၉)ဌာနတွင် ကျင်းပသွားမည်ဖြစ်ရာ မန္တလေးခရိုင်အတွင်း၌ (ဎက)ချမ်းအေးသာစံမြို့နယ် စာဖြေဌာနကို ၆၂ လမ်းနှင့် ၃၂ လမ်း တောင်စလင်း ကျောင်းတိုက်ရှိ အောင်မင်္ဂလာဓမ္မသိပ္ပါလယကျောင်းတွင် လည်းကောင်း၊ (ဎခ)မဟာအောင်မြေ စာဖြေဌာနကို မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိ(၄)ထပ် ကျောင်းဆောင်တွင် လည်းကောင်း၊ (ဎဂ)ချမ်းမြ သာစည်မြို့နယ် စာဖြေဌာနကို ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာ ရာမပရိယတ္တိ စာသင်တိုက်(၅)ထပ် ဗိမာန်ကြီးတွင် လည်းကောင်း၊ ဓမ္မာစရိယကျမ်းရင်း(၃)ကျမ်းကို သက်ဆိုင်ရာ စာဖြေဌာနများတွင် ဖြေဆိုကြမည်ဖြစ်ပြီး မြန်မာဂုဏ်ထူး၊ ပါဠိဂုဏ်ထူးကျမ်းများကို စာဖြေဌာနသုံးခုပေါင်း၍ ချမ်းအေးသာစံမြို့နယ် ၆၈ လမ်းနှင့် ၃၂ လမ်း၊ မဟာဝိဇိတာရုံကျောင်းတိုက်ရှိ ဗိမာန်တွင်ဖြေဆိုကြမည် ဖြစ်ကြောင်းနှင့် မိုးကုတ်မြို့နယ်တွင် မဟာမုနိ ဘုရားဓမ္မာရုံ၊ ကျောက်ဆည်မြို့နယ်တွင် နေလသုခဗိမာန်၊ မိတ္ထီလာမြို့နယ်တွင် အ.ထ.က(၁)၊ မြင်းခြံမြို့နယ်တွင် ရွှေပြည်စိုးဗိမာန်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် သာသနာ့ဗိမာန်နှင့် ရမည်းသင်းမြို့နယ်တွင် သာသနာ့ဗိမာန် တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊လတ်၊ငယ်၊မူ) တန်းများကို ဇွန်လ ၇ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂နာရီမှ ညနေ ၃ နာရီအထိ လည်းကောင်း ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)