ပင်လုံ ဩဂုတ် ၉
မြဝတီမြို့ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့သို့ ယမန်နေ့ ညနေ ပိုင်း ၅ နာရီခွဲအချိန်က (၅၆)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား (၂၂) ဦး၊ အမျိုးသမီး(၁၈)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း (၅၆) ဦး ထပ်မံဝင်ရာက်လာကြောင်းသိရပြီး ၎င်းတို့အား ပင်လုံတက္ကသိုလ် ဘော်ဒါဆောင် ကန့်သတ်စောင့်ကြည့် ရေးစခန်း၌ စနစ်တကျစီစဉ်ထားရှိပေး၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုယ်ရေးအချက်အလက် ရယူ ခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများက သတ်မှတ် စောင့်ကြည့်ရေးစခန်း၌ (၁၀)ရက်ပြည့်မီအောင် နေထိုင်သွားကြရန်၊ လိုအပ်သည်များကို တင်ပြသွားရန်၊ ကန့်သတ်စောင့်ကြည့် နေထိုင်စဉ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာသွားရန်၊ မိမိတို့ ကျန်းမာရေးအား အထူးဂရုစိုက်ရန် မှာကြားသည်။
အဆိုပါ နေရပ်ပြန်ပြည်သူ (၅၆) ဦးတို့၏ တို့ဖတ် (Swab) နမူနာကို ရန်ကုန် အမျိုးသားဓာတ်ခွဲ စစ်ဆေး သည့်ဌာနသို့ နမူနာပေးပို့သွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိ (Negative) ဖြစ်လျှင် ရောဂါပိုးကင်းစင်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာမြို့များသို့ စနစ်တကျလွှဲပြောင်းပေးသွားမည်ဖြစ်ပြီး ကျန်(၁၁)ရက်အား သက်ဆိုင်ရာမြို့များရှိ ကန့်သတ်စောင့်ကြည့်ရေးစခန်း အသီးသီး၌ ဆက်လက်နေထိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။ ပင်လုံတက္ကသိုလ် ဘော်ဒါဆောင် ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ ယခုကာလ အတွင်း ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ စုစုပေါင်း (၉၅) ဦးရှိကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ