ရန်ကုန် ဩဂုတ် ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံတွင် Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားတွင် ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ပုညသုခကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓာနန္ဒ (သန္ဓမ္မဇောတိကဓဇ) အရှင်သူမြတ် ထံမှ ကိုးပါးသီလတော်မြတ်အား ဆောက်တည်ခဲ့ကြပြီး ဆရာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တာဝန် ရှိသူများမှ ဗိုလ်တထောင် မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း (၁၆) ကျောင်းအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ပြီး ပညာရာမိကမဟာကျောင်းတိုက်၊ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသီလဝံသ (သာသနဇေဓမ္မာစရိယ၊ မဟာသဒ္ဓမ္မဇောတိကဓဇ) အရှင်သူမြတ်မှ ရေစက်သွန်းချ အမျှ ပေးဝေခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှလည်း ဘုန်းကြီးကျောင်း (၁၆) ကျောင်းအား (၁) ကျောင်းလျှင် ဆန်တစ်အိတ်ခွဲနှင့် ဆီ (၅) ပိသာလှူဒါန်းခဲ့ကြောင်း သိရသည်။
သိန်းသိန်း(ဗိုလ်တထောင်)