ရေလမ်းကြောင်းခရီးဖြင့် ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ သယ်ယူပို့ဆောင်ပေးနိုင်ရန် ရေယာဉ်/ တွဲယာဉ်များ တည်ဆောက်ရာ ဒလသင်္ဘောကျင်း

ရန်ကုန် ဇွန် ၁

ကုန်းလမ်း၊ လေကြောင်းလမ်း၊ မီးရထားလမ်း စသည့် သယ်ယူပို့ဆာင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီဖွံ့ဖြိုး တိုးတက်လာစေကာမူ မြန်မာနိုင်ငံအတွင်း ဒေသအနှံအပြားရှိ ရေယာဉ်များ သွားလာနိုင်သည့် မြစ်များ၊ ချောင်းများ ကြောင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်းပို့ဆောင်မှု လုပ်ငန်း များမှာ မြန်မာနိုင်ငံအတွက် အထူးအရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိ‌သည်။

မြန်မာနိုင်ငံ၌ ၁၉၈၈ ခုနှစ်က ဒလသင်္ဘောကျင်း၌  RO RO I နှင့်  RO RO II အမည်ရှိသော Schottel ယူနစ်၊ ၃၆၀ ဒီဂရီ လှည့်ပတ်မောင်းနိုင်သော အင်ဂျင်စနစ်ဖြင့် မောင်းတက်မောင်းဆင်း ဇက်ရေယာဉ်နှစ်စင်း ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဒလသင်္ဘောကျင်းမှ အင်ဂျင်နီယာများက နိုင်ငံခြားသို့ သွားရောက်လေ့လာခဲ့ပြီး အတွေ့အကြုံများကို ရယူကာ  မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် တည်ဆောက်ခဲ့ပြီးနောက် ဝါးတန်း(ကီလီ)-ဒလ(ယာဉ်ကူးတို့လမ်း) ဇက်ရေယာဉ် ခရီးလမ်းကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ စတင်ပြေးဆွဲခဲ့သည်။   မော်တော်ကားများ အတက်အဆင်း ချောမွေ့မှုရှိခြင်း၊ သယ်ယူပို့ဆောင်ရေး စနစ်တွင် သင့်လျော်အသုံးဝင်ခြင်းတို့ ကြောင့်   RO RO III နှင့်  RO RO IV အမည်ရှိသော ကားကူးဇက်ရေယာဉ် နှစ်စင်းကို  ထပ်မံ တည်ဆောက်၍ ကားကူးဇက် ခရီးစဉ်များကို ထပ်မံပြေးဆွဲခဲ့ခြင်းဖြစ်သည်။

မော်လမြိုင် တံတားကြီးတည်ဆောက်မပြီးခင်ကာလများက မော်လမြိုင်-မုတ္တမ ဇက်ကူးတို့လမ်း၌ RO RO III ဇက်ရေယာဉ်ဖြင့်  ပြေးဆွဲခြင်း၊  စက်ကော့-‌ညောင်တုန်း တံတားကြီးမပြီးခင်   RO RO II ဇက်ရေယာဉ်ဖြင့်  ပြေးဆွဲပေး ခြင်းနှင့် ပုသိမ်တံတားကြီး မပြီးခင် ရွှေမြင်တင်ခရီးလမ်း၌  RO RO II ဇက်ရေယာဉ်အား ထပ်မံပြေးဆွဲ အသုံးပြုခဲ့ ကြောင်း၊ အဆိုပါ တံတားများ တည်ဆောက်ပြီးစီးသွားချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည်ယူဆောင်ခဲ့ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

ဒလသင်္ဘောကျင်းတွင် တည်ဆောက်

အဆိုပါ ကားကူးဇက်ရေယာဉ်များကို ဒလသင်္ဘောကျင်းတွင် ၁၉၈၈ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဒလ သင်္ဘောကျင်း သည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်း ၆ ခု အနက် ရှေးအကျဆုံးနှင့် အကြီးဆုံး သင်္ဘောကျင်းကြီး တစ်ခုဖြစ်သည်။ ဧရိယာ ဧက (၃၀) ကျယ်ဝန်းပြီး ၁၈၅၂ ခုနှစ် ခန့်ကပင် အင်္ဂလိပ် အစိုးရမှ စတင် တည်ဆောက် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၁၈၇၅ ခုနှစ်တွင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီ လီမိတက်သို့ နှစ်ရှည် လုပ်ပိုင်ခွင့်ဖြင့် ငှါးရမ်းခဲ့ပြီး ၁၉၀၈ ခုနှစ်တွင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီမှ သင်္ဘောကျင်းအား အပြီးအပိုင် ဝယ်ယူ၍ လွန်းကျင်းများအား တိုးချဲ့ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၄၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ဧရာဝတီ ဖလိုတီလာကုမ္ပဏီကို ပြည်သူပိုင် ပြုလုပ်ခဲ့ရာ ဒလသင်္ဘောကျင်းသည် ထိုနေ့မှ စ၍ နိုင်ငံပိုင်သင်္ဘောကျင်းကြီးတစ်ခု ဖြစ်လာခဲ့ကြောင်း ဒလသင်္ဘောကျင်းရှိ  သမိုင်းမှတ်တမ်းများအရ သိရသည်။

၂၀ဝ၂ ခုနှစ်တွင် ရေယာဉ်များ ပြုပြင်နိုင်သည့် ရေလုံကျင်း တစ်ခုအား တည်ဆောက် ပြီးစီးခဲ့သည်။ ဒလကျင်းသည် ယခင်က ကြေးသွန်းလုပ်ငန်းဖြင့် ထင်ရှားခဲ့သည်။ ၂၀ဝ၈ ခုနှစ်၊ နာဂစ် လေမုန်တိုင်း တိုက်ခတ်စဉ်က နှစ်မြုပ် ကမ်းတင်ခဲ့သည့် ဌာနပိုင် ရေယာဉ်ကြီးများကို အချိန်မီ ပြုပြင်မွမ်းမံကာ သက်ဆိုင်ရာ ခရီးစဉ်များတွင် ပြေးဆွဲနိုင်ရန် ပြင်ဆင်ပေးနိုင်ခဲ့သည်။ ၎င်းအပြင် ဌာန လုပ်ငန်းသုံး ရေယာဉ်၊ တွဲယာဉ်သစ်များ တည်ဆောက်ခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ အပ်နှံသည့် ရေယာဉ်နှင့် ကုန်တင်တွဲများ တည်ဆောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

၁၉၈၈ ခုနှစ် မှ ၂၀၁၈ ခုနှစ်အထိ  ရေယာဉ်သစ်တည်ဆောက်ခြင်း၊ ပုံစံပြောင်းပြုပြင်ခြင်းများ ရေယာဉ်/တွဲယာဉ် စုစုပေါင်း (၃၁) စီးအား တည်ဆောက်ပေးနိုင်ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တွန်းရေယာဉ် ၃ စီး၊ တန်(၁၅၀၀) ကုန်တင် တွဲရေယာဉ် ၅ စီး၊ ကြံ ၂၀ ပုံစံပြောင်း တွန်းရေယာဉ် ၁ စီး၊  SA-MARINE (ဂျပန်တွဲရေယာဉ်သစ်) ၁ စီး တို့ကို  အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ ဌာန လုပ်ငန်းသုံး၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏  ရေယာဉ်ဟောင်းများပြင်ဆင်ခြင်း၊ တည်ဆောက်ခြင်းသာမက၊ ခါးဆက်ခြင်း၊ အူဆက်ခြင်း၊ ပဲ့ဆက်ခြင်း၊ ခါးဖြဲခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပညာသင် အင်ဂျင်နီယာများကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေး

ဒလသင်္ဘောကျင်းတွင် လူ့သားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေကြောင်းပညာသိပ္ပံကျောင်းမှ ကျောင်းသား များနှင့် ၁၀ တန်းအောင်အဆင့်မှ BE ဘွဲ့ရအထိ အောင်မြင်ပြီးသူများအား ပညာသင် အင်ဂျင်နီယာအဖြစ် လက်ခံ၍ စာတွေ့၊ လက်တွေ့ စနစ်တကျ လေ့ကျင့်ပေးခဲ့ရာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ် ဇွန်လအတွင်း ရေကြောင်း ပညာသိပ္ပံ ကျောင်းမှ ကျောင်းသား ၁၆၅ ဦး၊ ၁၀ တန်းအောင်မှ BE ဘွဲ့ရအထိ အောင်မြင်ပြီးသူ ၁၀၂၅ ဦး နှင့် မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်ကျောင်းသား ၃၇၀ ဦးတို့အား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ကြောင်း ဒလသင်္ဘောကျင်းမှ သိရသည်။

မြစ်ဝကျွန်းပေါ်ဌာနခွဲ မှ ကားကူးဇက် ယာဉ်ကူးတို့လမ်းများ ပြေးဆွဲပေး

လက်ရှိအချိန်တွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ  RO RO II ၊ RO RO III နှင့်  RO RO IV ကားကူးဇက် ရေယာဉ် ၃ စင်း ဖြင့် စီးပွားရေးမြို့တော် ရန်ကုန်မြို့နှင့်  ဒေသအသီးသီးရှိ ပို့ကုန်၊ သွင်းကုန်များ၊ ဈေးကွက်ဝင် ကုန်စည်များနှင့် မော်တော်ယာဉ်များ သယ်ယူပို့ဆောင်သွားလာရာတွင်   ဒလမြို့နယ်ရှိ ကားကူးဇက် ယာဉ် ကူးတို့လမ်းမှ တစ်ဆင့် ရန်ကုန်မြို့တွင်းသို့ ရေလမ်းကြောင်းခရီးဖြင့် ကုန်စည်နှင့် မော်တော်ယာဉ်များ ပြတ်တောက်မှု မရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် နေ့စဉ်သယ်ယူပို့ဆောင်ပြေးဆွဲပေးလျက်ရှိသည်။  

ရေလမ်းကြောင်းခရီးဖြင့်  ကုန်စည်များ၊ ခရီးသည်နှင့် မော်တော်ယာဉ်များ သယ်ယူပို့ဆောင်နိုင်မှုကြောင့် ရန်ကုန် မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို အတိုင်းအတာ တစ်ခုအထိ ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း တစ်ခုတည်းသော ကားကူးဇက်ဆိပ် တစ်ခုပင်ဖြစ်သည်။

အဆိုပါ ယာဉ်ကူးတို့ ခရီးလမ်း၌ ကားကူးဇက် ရေယာဉ် နှစ်စင်းဖြင့်  ရန်ကုန်(ဝါးတန်း) ဆိပ်ကမ်းမှ နံနက် ၇ နာရီမှ စတင်၍ ည ၇ နာရီအထိ လည်းကောင်း၊ ဒလ ဆိပ်ကမ်းမှ နံနက် ၇ နာရီမှ စတင်၍ ည ၇ နာရီအထိ အသွား ၆ ခေါက်၊ အပြန် ၆ ခေါက်၊  စုစုပေါင်း ၁၂ ခေါက်နှုန်းဖြင့်  ကုန်စည်နှင့်မော်တော်ယာဉ်များ  သွားလာရေး အဆင်ပြေချောမွေ့စေရေး အတွက် သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။

“ကျွန်တော်တို့ ဝါးတန်း(ကီလီ)-ဒလ ယာဉ်ကူးတို့ ခရီးလမ်းအနေနဲ့ ယခုအချိန်မှာ ဇက်ရေယာဉ်နှစ်စီးနဲ့ ပြေးဆွဲပေးနေ တာဖြစ်ပါတယ်၊ တစ်ရက်ကို မော်တော်ယာဉ် အစီးရေ ၃၀၀ ကျော် ကူးသန်းသွားလာကြတယ်၊ ခရီးသည်၊ ကုန်စည်နဲ့ မော်တော်ယာဉ်တွေကို အဆင်ပြေချောမွေ့စေဖို့ သယ်ယူပို့ဆောင်ပေးလျက်ရှိပါတယ်၊ ကားကူးဇက်ယာဉ် တစ်စင်းမှာ ကုန်တင်ကားကြီးဆို ၁၀ စီး၊  ကားသေးဆို  ၂၅ စီး သယ်ယူပို့ဆောင်ပေးနိုင်တယ်၊ စုစုပေါင်း ကုန်တန်ချိန် ၂၅၀ ထိ တင်ဆောင်ပေးနိုင်တယ်” ဟု  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ လက်ထောက်အထွေထွေ မန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။

ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ယခင်ကာလများက နေ့စဉ် နံနက် ၆ နာရီမှ ည ၇ နာရီအထိ  ရန်ကုန်(ဝါးတန်း) ဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ အခေါက်ရေ ၁၅ ခေါက်ဖြင့် ပြေးဆွဲပေးပြီး နေ့စဉ် ကားအစီးရေ ၆၀၀ ခန့် သယ်ယူ ပို့ဆောင်ပေးလျက်ရှိသည်။ ရန်ကုန်မြစ်အတွင်း ဇက်ရေယာဉ် ပြေးဆွဲမှုကြောင့် ဒေသအသီးသီးမှ ထွက်ကုန်များ၊ ကုန်စည်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်များသည် ဒလဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်မြို့တွင်းသို့  နီးကပ် စွာဖြင့် အချိန်တိုအတွင်း ကူးသန်းသွားလာနိုင်မှုကြောင့် ကုန်စည်နှင့် မော်တော်ယာဉ်များ အများဆုံးပို့ဆောင်ပေးနိုင် သော ကားကူး ဇက်ဆိပ်တစ်ခုလည်းဖြစ်သည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြောင်းမြမြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်တို့သို့ ဆက်သွယ် တည်ဆောက် ထားသော မြင်းကဆိပ် တံတားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နေသော ကာလ၌ ၁၀၇ အမည်ရှိ ကားကူးဇက်ရေယာဉ်နှင့် ရေနဂါး ၂ အမည်ရှိ ကားကူးဇက်ရေယာဉ် နှစ်စင်းဖြင့် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ပြေးဆွဲပေးကြောင်း၊  ဒေသအခြေအနေပေါ်မူတည်၍ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(မြစ်ဝကျွန်းပေါ်ဌာနခွဲ) အနေဖြင့် ခရီးသွား ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပြီး၊ ခရီးသည်၊ ကုန်စည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရေးအတွက် ကူးတို့လမ်းများ ပြေးဆွဲခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဒလသင်္ဘောကျင်းမှ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်များကို စီမံချက်ရေးဆွဲ၍ ပြင်ဆင်မွမ်းမံခြင်း၊  ပို့ဆောင်မှု လိုအပ်ချက်နှင့် ဒေသရေကြောင်း အခြေအနေ လိုအပ်ချက်များအရ ရေယာဉ်ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက် ပေးခြင်း၊ ရေယာဉ်သစ် တည်ဆောက်မှုနှင့် မွမ်းမံပြင်ဆင်မှုများတွင် လိုအပ်သော ရေယာဉ်ဆိုင်ရာ ပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာ ပစ္စည်းများ ထုတ်ပေးခြင်း၊ အခြားအစိုးရဌာနများပိုင် ရေယာဉ်များကို လိုအပ်လျှင် လိုအပ်သလို တည်ဆောက်ပြင်ဆင်မှုလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခြင်းတို့ကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မူလအဖွဲ့အစည်းမှာ " IRRAWADDY FLOTILLA CO; LTD " ဖြစ်ပြီး၊ ၁၈၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ် ရေး ရပြီးနောက် ၁၉၄၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ကုမ္ပဏီအား ပြည်သူပိုင် ပြုလုပ်ခဲ့ပြီး" ပြည်တွင်းရေကြောင်း သယ်ယူ ပို့ဆောင်ရေးအဖွဲ့" အမည်ဖြင့် လည်းကောင်း၊ ၁၉၇၂ ခုနှစ် မတ်လ (၁) ရက်နေ့တွင် "ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း " အမည်ဖြင့် လည်းကောင်း၊ ၁၉၈၉ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် " ပြည်တွင်းရေကြောင်းပို့ဆောင်ရေး " အမည်ဖြင့်လည်းကောင်း ပြောင်းလဲ၍ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

နိုင်လင်းကျော်(IPRD)