ဇေယျာသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကျင်းပ

ဇေယျာသီရိ ဇွန် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်း အနားကို ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ၊ ဥတ္တရခရိုင် ခေတ္တခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်သန်းက နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးရသည့် အကြောင်းအရင်းအား ရှင်းလင်းပြောကြားရာတွင် လက်ရှိဇာတိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်းနှင့် တာဝန်ရှိသူများက နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၀၁) ကတ်ကို ပြည်သူများထံသို့ပေးအပ်ခဲ့ကြသည်။ အခမ်းအနားသို့ ဥတ္တရခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သန်းလင်းနှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)