အော်ရေးရှားသစ်ပင် အမြစ်ဆွေးမြေ့၍ လဲပြိုမှုဖြစ်ပွား

မန္တလေး  ဇွန်  ၁

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၁၀လမ်းနှင့်၁၂လမ်းကြား ၊၇၃လမ်း အရှေ့ဘက်ရှိ အမြင့်ပေ(၅၀)၊ လုံးပတ်(၄)ပေခန့်ရှိ အော်ရေးရှား သစ်ပင်တစ်ပင်မှာ ယနေ့နံနက်၉နာရီကျော်က အမြစ်ဆွေးမြည့်၍ ၇၃လမ်းမပေါ် ကန့်လန့်ဖြတ်လဲပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲပြိုမှုကြောင့် လမ်းပတ်ဆို့မှု မဖြစ်ပွားစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးတင်မောင်မြင့်နှင့်အဖွဲ့၊နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ တပ်စုမှူး မြင့်လွင်စိုးနှင့် တပ်ဖွဲ့ဝင်များက စုပေါင်းရှင်းလင်း‌ ပေးခဲ့ကြရာ နံနက်၁၀နာရီခန့်တွင် ရှင်းလင်းပြီးစီးသွားပြီး အဆိုပါ သစ်ပင်လဲပြိုမှုကြောင့် အဆောက်အဦ၊ လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)