စစ်တွေ ဇွန် ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် ပြည်သူများ စာအုပ်စာပေများ လာရောက်ငှားရမ်းရာတွင် အဆင်ပြေ ချောမွေ့စေရေး ကိုဗစ်-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျနော်က စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက် အသင်းဝင်တစ်ဦးဖြစ်ပြီး စာကြည့်တိုက်သို့ အမြဲလာရောက်ပြီး စာဖတ်ဖြစ်ပါတယ်။ စာကြည့်တိုက်ဆိုတာက ကျနော်တို့တွေအတွက် အသိပညာဗဟုသုတတွေစုဆောင်းပေးတဲ့ နေရာတစ်ခုလည်းဖြစ်ြပြီးတော့ တကယ့်ကို အကျိုးရှိတဲ့ စာကြည့်တိုက်လည်းဖြစ်ပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွား နေတဲ့ကာလမှာ စာကြည့်တိုက်တွေပိတ်ထားတယ်ဆိုတော့ ပျင်းတာပေါ့ ငှားထားတဲ့စာအုပ်တွေကလည်း ဖတ်လို့ပြီးပြီ ဖတ်စရာစာအုပ်တွေကလည်းမရှိဘူး အခုလို့စာကြည့်တိုက်တွေပြန်ဖွင့် လိုက်တော့ ကျနော်တို့လို စာဖတ်ပရိတ်များအတွက် စာအုပ်တွေငှားရမ်းဖတ်ရှုလို့ရတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်လို့ စာဖတ်ပရိတ်သတ်တစ်ဦးဖြစ်သည့် စာရေးဆရာ မောင်မင်းမာ(မြောက်ဦး)က ပြောသည်။
စစ်တွေခရိုင်ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-19 ရောဂါဖြစ်ပွားနေမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ မှစ၍ ယာယီပိတ်ထားခဲ့ရာ ယခု ၂၀၂၁ ခုနှစ်၊ မေလမှစ၍ ကိုဗစ်-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပြန်လည် ဖွင့်လှစ်လျက်ရှိပြီး စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိကာ လစဉ်အသစ်ရောက်ရှိသည့် သုတ၊ရသ စာအုပ်များ၊ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ်ဂျာနယ်စာစောင်များနှင့် နိုင်ငံတော်ပြန်တမ်းများအား စာဖတ် ပရိတ်များအနေဖြင့် အလွယ်တကူ လေ့လာဖတ်ရှု ငှားရမ်းနိုင်ရေး စနစ်တကျ စင်တင်ပေးလျက်ရှိရာ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့် Oline မှတဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ပြခြင်း၊ ပုံပြင်ပြောပြိုင်ပွဲပြုလုပ်ခြင်း၊ အသိပညာဗဟုသုတမျှဝေပေးခြင်း လုပ်ငန်းများကို လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း