သီပေါ ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယနေ့ နံနက်(၉)နာရီခွဲအချိန်က ရပ်ကွက်နှင့် ကျေးရွာများမှ ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးများထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ် အလိုက် ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ(ရိုတာကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုးကို ထိုးနှံပေးပြီး၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးကိုလည်း တိုက်ကျွေးခဲ့ကြသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာများပေးခဲ့ကြောင်းနှင့် အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ခြင်းနှင့် အသိပညာပေးခြင်းများ ကိုအပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင်လည်း ထိုးနှံ၊ တိုက်ကျွေး ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ)