မန္တလေး ဇွန် ၁
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်း (၁/၂၀၂၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဥပုသ်တော်ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ နေပြည်တော်ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်/လူကုန်ကူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်ထွန်း၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထန်းဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်မင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်၊ ပြန်လည်ထူထောင်ရေးစခန်း (မန္တလေး)မှ စခန်းမန်နေဂျာ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်မြိုင်၊ မြန်မာနိုင်ငံ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးအုန်းရွှေ၊ အတွင်းရေးမှူး ဦးမြင့်သန်း၊ မြို့နယ် အသင်းအတွင်းရေးမှူး ဦးမိုးသန်းဦးနှင့် မြို့နယ်အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်/လူကုန်ကူးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်ထွန်းနှင့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထန်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်မင်းတို့က အမှာစကား ပြောကြားကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၁၅)ဦးတို့ တက်ရောက်ကြပြီး ဇွန် ၁ ရက်မှ ဩဂုတ် ၂၉ ရက်ထိ (၃)လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကာ သင်တန်းသားများကို မူးယစ်ဆေးဖြတ် ကုသပေးခြင်းနှင့် အတူ သက်မွေးဝမ်းကြောင်း လုပ်ငန်းများဖြစ်သော ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ ဆံပင်ညှပ်ခြင်း လုပ်ငန်းများကိုလည်း သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)