မိုင်းယု ဇွန် ၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် စစ်ဘက်ဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ကျောင်းသားမိဘကော်မတီများ ပါဝင်သောအဖွဲ့က ကျောင်းဝင်ပေါက်ဝတွင် အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်း(Mask)နှင့် Face Shield များ တပ်ဆင်စေခြင်း၊ လက်ဆေးစေခြင်း၊ ကျောင်းဝင်း အတွင်း/အပြင် လုံခြုံရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ/မရှိ စသည်တို့ကို ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ကျောင်းသားဦးရေအလိုက် ရက်သတ်မှတ်ပြီး ပထမအသုတ်၊ ဒုတိယအသုတ် နှစ်သုတ်ခွဲကာ ပညာသင်ကြား ပေးသွားမည်ဖြစ်ကြောင်းနှင့် မိုင်းယုမြို့တွင် အခြေခံပညာ အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁)ကျောင်း၊ မူလတန်း(လွန်) ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၅) ကျောင်းရှိပြီး စုစုပေါင်း (၈)ကျောင်းရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)