တာမွေမြို့နယ်တွင် "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရန်ကုန် မေ ၃၁ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ စာဖတ်ခြင်းဖြင့် အသိ ဉာဏ်ပညာဗဟုသုတများ တိုးပွားလာစေ ရန်နှင့် အသိပညာများမှတစ်ဆင့် စဉ်းစားတွေးခေါ်တတ်လာပြီး အတတ်ပညာများအဖြစ်သို့ ပြောင်းလဲကာ နိုင်ငံ့အကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စီစဉ် ကျင်းပသော "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း အချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တာမွေမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်မိုးမိုးသန့်ဇင်က စာရေးဆရာ လယ်တွင်းသားစောချစ်၏ "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်တွင် စာရေးသူက "နုနုနယ်နယ် ရင်သွေးငယ်ကလေးများကို ကျန်းမာပျော်ရွှင်စွာ သားကောင်း ရတနာ၊ သမီးကောင်း ရတနာကလေးများဖြစ်အောင် ပြုစုပျိုးထောင်ရေးနှင့် ပတ်သက်၍ သားသမီးရှင် မိဘများ၊ ဆရာ/ဆရာမများအဖို့ သိမှတ်ဖွယ် စာရေးသူ၏ အတွေ့အကြုံ၊ အတွေးအခေါ်နှင့် သဘောထား များကို စိတ်ဝင်စားဖွယ် စုံစုံလင်လင် တင်ပြထားကြောင်း" စသည်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော တာမွေမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် များကလည်း စာရေးဆရာ လယ်တွင်းသား စောချစ်၏ "ပန်းလိုချင် အပင်ကိုပျိုးတတ်မှ" စာအုပ်တွင် ပါဝင် သော အကြောင်းအရာများနှင့် ပတ်သက်၍ တစ်ဦးချင်းစီအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ နိုင်လင်းအောင်(ပြန်/ဆက်)