ရန်ကုန် မေ ၃၁
မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဉီးသန့်ဇင်နှင့် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း တို့မှ ဦးဆောင်ကြီးကြပ်ကာ စည်ပင်သာယာ ဝန်ထမ်းများသည် စံပြရပ်ကွက်၊ သံသုမာလမ်း တလျှောက်ရှိ ရေမြောင်းများမှ အမှိုက်များ၊ နုံးမြေများ ဆယ်ယူခြင်း၊ လူသွားလမ်းမှ ရေးမြောင်းအတွင်းသို့ ရေစီးသော ရေဆင်းမြောင်းများမှ မြောင်းချေးများ၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ နေ့စဉ်သတ်မှတ် နေရာများအလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)