ဗန်းမော် မေ ၃၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ဗန်းမော်ခရိုင်အတွင်း၌ ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပျက် ထိန်းသိမ်းစေရေး၊ ငါးမျိုးပြန့်ပွားစေရေး၊ ငါးထုတ်လုပ် စားသောက်နိုင်စေရေးနှင့် ပြည်သူလူထုများ ငါးစားသုံးမှု ပိုမိုမြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ဧရာဝတီမြစ် အတွင်းသို့ ငါးမျိုး စိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ မြို့မရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ရာတွင် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ ဗန်းမော် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းနှင့် ဝန်ထမ်းများတို့က ဧရာဝတီမြစ်အတွင်းသို့ နှစ်လက်မအရွယ်ရှိ ငါးမြစ်ချင်း ငါးသားပေါက် ကောင်ရေ (၁၈၀၀၀၀) ကောင်နှင့် ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၀၀၀၀၀)ကောင်တို့အား ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။
ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနသည် ဧရာဝတီမြစ်အတွင်းသို့ နှစ်စဉ်ငါးမျိုးစိုက်ထည့်ခြင်း လုပ်ငန်း ဆောင်ရွက် လျက်ရှိရာ ယခုနှစ်တွင် ငါးရှင်သန်နိုင်မှုနှုန်း မြန်ဆန်စေရေးအတွက် နှစ်လက်မ အရွယ်ရှိ ငါးသားပေါက်များကိုသာ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း ဗန်းမော်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်း ထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)