စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်ကြီးများအား (၅)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲ ကျင်းပ

စစ်တွေ  မေ  ၃၁

စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေးရဟန်းတော်များမှ ဦးဆောင်ပြီး စစ်တွေမြို့ပေါ်ရှိ သက်တော်ရှည် ဆရာတော်ကြီးများအား(၅)ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်တွေမြို့၊ အတုလမာရ ဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးရင်ပြင်၌ ကျင်းပ သည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်တော်မူကြသောဆရာတော်သံဃာတော်များနှင့် ရခိုင်ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း အမှူးပြုသောဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးဖွင့်လှစ်ကြသည်။ ဆက်လက်၍  စစ်တွေမြို့၊ စည်းကမ်း ထိန်းသိမ်းရေးနှင့်ကူညီစောင့်ရှောက်ရေးရဟန်းတော်များ ဦးဆောင်ဆရာတော် စစ်တွေမြို့၊ အာဂျိတ်တော်ကုန်း၊ အဗ္ဗာရာမကျောင်းတိုက် ဆရာတော်မှ သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ပွဲ ကျင်းပပြုလုပ်ရခြင်း အကြောင်းကို လျောက်ထားပြီး ကြွရောက်တော်မူလာကြသော သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက သက်တော်ရှည်ဆရာတော်ကြီးများအား ပူဇော်ကန်တော့ကြသည်။ ထို့နောက် ဓညဝတီရပ်ကွက်၊ တေဇာရာမကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးထံမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာအောင်ကျော်မင်း အမှူးပြု သောဧည့် ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် သက်တော်ရှည် ဆရာတော်ကြီးများအား ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းကြပြီး စစ်တွေမြို့၊ ရွာကြီးတောင်ရပ်ကွက်၊ မဏိရတနာပရိယတ္တိစာသင်တိုက်၊ ဦးစီပဓာနနာယက၊ (နိုင်ငံတော်သံဃ မဟာနာယက-ငြိမ်း)၊ အဘိဓဇမဟာရဋ္ဌဂုရု၊ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တသောမမှ ဩဝါဒစကစား မိန့်ကြား သည်။ ထို့နောက် စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက၊ ပြည်နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသောမထံမှ ရေစက်ချအနုမောဓနာ တရားကြားကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဌတုသုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် စစ်တွေမြို့ပေါ်ရှိ သိက္ခာတော် (၆၀)၊ သက်တော်(၈၀)နှစ်အထက် ရှိကြ‌သောသက်တော်ရှည် ဆရာတော်ကြီး ၁၂ ပါးအား စစ်တွေမြို့၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့် ရှောက်ရေး ရဟန်းတော်များမှဦးဆောင်ကာ ရဟန်းသံဃာများ၊  ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စေတနာရှင် အလှူရှင်များက ပူဇော် ကန်တော့ကြ ခြင်းဖြစ်ကြောင်းသိရသည်။ 

တင်ထွန်း