မြင်းခြံခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အထူးကောင်တာ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိ

မြင်းခြံ မေ ၃၁

မြင်းခြံခရိုင် မြန်မာ့စီးပွားရေးဘဏ်မှ အထူးကောင်တာတစ်ခုဖွင့်လှစ်၍ ပြည်သူများ ငွေသားအပ်နှံမှု လုပ်ငန်းစဉ်များ အထူးဝန်ဆောင်မှု အစီအစဉ်တစ်ရပ်နှင့် အထူးငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

"မြန်မာ့စီးပွားရေးဘဏ် မြင်းခြံခရိုင်ဘဏ်ခွဲတွင် အထူးအပ်ငွေစာရင်း (စာရင်းရှင် စာရင်း) ဖွင့်လှစ်ခြင်းနှင့် အထူးငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများကို မေလ ၁၇ ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အထူးကောင်တာ ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ စာရင်းသစ် ဖွင့်လှစ်ပြီး ငွေသားသီးသန့် အပ်နှံနိုင်ပြီး ငွေသားပြန်လည် ထုတ်ယူပါကလည်း အကန့်အသတ်မရှိ ထုတ်ယူနိုင်ခြင်းဖြစ်သည်။

ထို့ပြင် ခရိုင်ဘဏ်အချင်းချင်း ငွေလွှဲရာတွင်လည်း ငွေသားပေးသွင်းငွေကို အခြားခရိုင်ဘဏ်ခွဲတစ်ခုတွင် အကန့်အသတ်မရှိ ငွေသားထုတ်ယူခွင့်ရှိပါတယ်" ဟု မြင်းခြံခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဦးစိုးယုနိုင်က ပြောသည်။

အဆိုပါ အထူးဝန်ဆောင်မှုလုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ် ခရိုင်ဘဏ်ခွဲ(၇၆)ခုတွင် ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)