ညောင်ဦး မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ကံကျဲကျေးရွာ (နဖူးပြားတဲတိုက်)သို့ သောက်သုံးရေထည့် သိုလှောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ ဒေါက်တာ ထွန်းလွင်ဦး မိသားစုက သောက်သုံးရေရှားပါးသည့် ကန်ကျဲကျေးရွာအတွက် ယခုလအတွင်း ရေဂါလံ ၅၀၀၀ ဆံ့ အုတ်ကန် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဆောင်ဦးပေါက်ချိန်မှစတင်ပြီး သောက်သုံးရေ အခက်အခဲ နှစ်စဉ်ဖြစ်ပေါ် လျက်ရှိရာ ညောင်ဦးမြို့ပေါ်ရှိ ရေအလှူတော် အသင်းများမှ လှူဒါန်းသည့် သောက်သုံးရေကို အဓိကမှီခို အားထားနေရကြောင်း၊ ညောင်ဦးမြို့နယ်တွင် စက်ရေတွင်းမရှိသေးသည့် တဲတိုက် အများအပြားရှိနေသေးပြီး မြေသားမိုးရေ လှောင်ကန်များမှ ရေကိုအဓိက မီခိုအားထား နေကြသည်။
မနှစ်က မိုးရွာသွန်းမှုနည်းခဲ့ခြင်းကြောင့် မြေသားရေလှောင်ကန်များ ရေဝင်ရောက်မှုမရှိဘဲ ယခုနှစ်တွင် သောက်သုံးရေ အခက်အခဲ ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း၊ သောက်သုံးရေလှူဒါန်းသည့် အလှူရှင်များကိုသာ မျှော်ကိုးပြီး သောက်သုံးရေ ဖြေရှင်းနေရကြောင်း သိရသည်။
တောင်ဇင်းအုပ်စု၊ ကန်ကျဲကျေးရွာ (နဖူးပြားတဲတိုက်)တွင်လည်း မြေသားမိုးရေလှောင်ကန်မရှိပဲ မိုးရွာသွန်းချိန် အိမ်တစက်မြိတ်မှ ရေခံကာ စဉ့်အိုး၊ ရေစည်ပိုင်းများဖြင့် မိုးရေခံကာသုံးစွဲခဲ့ရသည့် တဲတိုက်ဖြစ်ကာ သောက်သုံးရေ လာရောက်လှူဒါန်းချိန် လှူဒါန်းလာသည့် ရေဘောက်ဆာကားမှ တိုက်ရိုက်ရေထည့် ပေးလှူခဲ့ရကြောင်း၊ ရေထည့် သိုလှောင်နိုင်သည့် ရေအုတ်ကန်အလှူရှင်ရှိလျှင် သောက်သုံးရေ အခက်အခဲ ပိုမိုဖြေရှင်းနိုင်လိမ့်မည်ဟု တိုင်ပင်ရာမှ ရေအုတ်ကန်အလှူရှင် ပေါ်ပေါက်လာရာ အလှူရှင်မှ မေလအတွင်းအပြီး တည်ဆောက်လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
တောင်းဇင်းအုပ်စု၊ ကန်ကျဲကျေးရွာ(နဖူးပြားတဲတိုက်)တွင် ထန်းတောင်သူ အများအပြားနေထိုင်ကြပြီး အိမ်ခြေ ၄၂ အိမ်ထောင်စု၊ လူဦးရေ ၁၅၀ ကျော်နေထိုင်ပြီး မြေသားမိုးရေ လှောင်ကန်မရှိခြင်း၊ စက်ရေးတွင်း မရှိခြင်းများက သောက်သုံးရေ ပိုမိုခက်ခဲစေကြောင်း အေးမေတ္တာ သောက်ရေ အလှူတော်အသင်း အတွင်းရေးမှူး ဦးဝင်းမင်းထွန်း က ရှင်းပြ၍သိရသည်။
ကိုထိန်၊KPD