သုံးခွ မေ ၃၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သုံးခွမြို့နယ် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကံမြင့်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင်ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက အဖွင့်အမှာစကားပြောကြားပြီး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်သူများအတွက် လိုက်နာရမည့်တာဝန်နှင့် အကျိုးကျေးဇူးများကိုပြောကြားသည်။ ထို့နောက်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၅) ကတ်ကို ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင်နှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့သည်။
ယင်းနောက်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကာယကံရှင်များ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားလက်ခံရရှိသူ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)