ကျောက်ပန်းတောင်း မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ကျောက်ပန်းတောင်းမြို့နယ်တွင် သင်္ကြန်ကာလပြီး ရွာသွန်းခဲ့သည့် မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့ကြ သည့် မြေပဲ၊နှမ်းတောင်သူများ၊ တစ်လကြာသည်အထိ နောက်မိုးလိုက်မလာသဖြင့် စိုက်ပျိုးပြီးတောင်သူအချို့ သီးနှံပြန်ကြဲ ရန်နှင့်မစိုက်ရသေးသူတောင်သူများလည်း စတင်စိုက်ပျိုးရန် မုတ်သုန်မိုးအရွာကို မျှော်လင့်နေကြကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁ခုနှစ်၊ ဧပြီလ(၂၈)ရက်နေ့ နှင့်(၂၉)ရက်နေ့ များတွင် မိုးရွာသွန်းမှုများရှိခဲ့ပြီး၊ နေရာဒေသအနှံ့မဟုတ်သော်လည်း၊ အချို့ကျေးရွာ များ တွင် အဆိုပါ မိုးဦးမိုးဖြင့် နှမ်းနှင့်မြေပဲများ စိုက်ပျိုးနိုင်ခဲ့ကြကြောင်း သိရသည်။ သို့သော် အဆိုပါမိုးဦး မိုးဖြင့် စိုက်ပျိုးခဲ့သည့် သီးနှံများမှာ နောက်မိုးလိုက် မလာ(မိုးမရွာ)သဖြင့် အချို့မှာဖျက်သိမ်း ခဲ့ကြရကြောင်းသိရကြောင်းနှင့် အချို့ စမ်းဆန်သည့်မြေများတွင် စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ပျိုးပင်ပေါက်လေး များမြင် တွေ့ကြရပြီး၊ ပေါင်းနုတ်ရင်းမိုးမျှော်နေရကြောင်းသိရသည်။ “ အခုထိတော့ အပင်ပေါက်လေးတွေ တောင့်ခံနေတုံး ဘဲဗျာ… ဒီရက်ပိုင်းမိုးရွာရင်ကို အဆင်ပြေနိုင်ပါသေးတယ်…။ ခုရက်ပိုင်းမှမိုးမရွာရင်တော့ ရွာတဲ့အချိန်မှ ပြန်ဖျက်ပြီး ကြဲရတော့မှာပေါ့…။
ကျွန်တော့်ယာက စမ်းမြေဆိုတော့ အပင်ပေါက်လေးတွေရှိနေသေး လို့ပေါင်းနုတ်ရင်း မိုးမျှော်နေရတယ်… တစ်ချို့ ဆိုရင် လုံးလုံးကို မကြဲရသေးတဲ့သူတွေ တောင်ရှိသေးတာ…ကိုယ်က ခုချိန်မိုးရွာလိုက်ရင်တော့ လောလောဆယ် ပိုအဆင် ပြေနိုင်တာ ပေါ့ဗျာ…” ဟု ဆူးတပ်ကျေးရွာမှ နှမ်းစိုက်တောင်သူ ဦးဖော့က ပြောပါသည်။ မျိုးစေ့၊ မျိုးဆန် ဈေးကြီးမြင့်မှုကြောင့် မျိုးချန်စိုက်ပျိုးနိုင်ခြင်းမရှိသည့် လုပ်ကွက်ငယ်တောင်သူများ ဈေးကြီးပေး မျိုးဝယ်စိုက်ပျိုးခဲ့ ကြရ ခြင်းဖြစ်ကြောင်း သိရပြီး၊ မုန်တိုင်းမိုးကိုမျှော်လင့်ခဲ့သော်လည်း မုန်တိုင်းမိုးနှင့်လွဲခဲ့ကြ၍ ယခုအခါ အညာသို့ဝင်ရောက်စ ပြုလာပြီဖြစ်သော မုတ်သုန်မိုးကိုသာ တောင်သူများမျှော်လင့် နေကြရကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)