မောင်တော မေ ၃၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးနှင့် ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်ပွားတတ်သည့် အခြားရောဂါများ မဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေး အနေဖြင့် မြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အရန်သားဖွားဆရာမများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် NGO အဖွဲ့များမှ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ယနေ့ နံနက် ၇ နာရီက မြို့ပေါ်ရှိ ရပ်ကွက် နေအိမ်များသို့ သွားရောက်ကာ အဘိတ်ဆေးများ ခပ်ပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ငှက်ဖျား Inspector ဦးစောမင်းနိုင် ဦးဆောင်၍ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ အရန်သားဖွားဆရာမများ၊ ပူးပေါင်းအဖွဲ့ဝင်များ ပါဝင်ကာ မြို့မ အနောက်ရပ်ကွက်၊ ကညင်တန်းရပ်ကွက်၊ ဆထ္ထိလရပ်ကွက်၊ အောင်မြေဗောဓိ၊ ရွာသစ်၊ မြို့ဦးရွာ၊ ဝိမလ၊ ဒက်ရွာ၊ ဗိုလ်မှူးရွာ၊ ရွှေဇားကျေးရွာများရှိ နေအိမ်များတွင် နေထိုင်လျက်ရှိသော ပြည်သူများ၏ နေအိမ်များသို့ သွားရောက်ကာ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ပေးခြင်း၊ ခြင်ခိုအောင်းပေါက်ပွားနိုင်သော ရေလှောင်ကန်များ၊ ရေ စည်များ၊ ရေတွင်း၊ ရေကန်များထဲသို့ ပိုးလောက်လန်းသေ အဘိတ်ဆေးများ ခပ်ပေးခြင်းကို ပြုလုပ်ပေးခဲ့သည်။
၄င်းအပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး အဓိက သတင်းစကား(၈)ချက်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခြင်းနှင့် အဘိတ်ဆေးများခပ်ပေးခြင်း တို့ကို အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင်ပြန်/ဆက်)