မန္တလေး မေ ၃၀
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းရှိ ဧသီဒါခန်းမ၌ ကျင်းပရာ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်သည်။
ဆက်လက်၍ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်က ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပရခြင်းအကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုအခြေအနေများအကြောင်းကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်က အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများကို လည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများဖြစ်သော မျက်နှာအကာ (Face Shields) နှင့် နှာခေါင်းစည်း (Masks) များကို မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများကိုလည်းကောင်း အသီးသီးပေးအပ်ကြပြီး အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက "ထာဝရမြန်မာ" သီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)