မိတ္ထီလာကန်အတွင်းမှ စစ်ကျန်လက်ပစ်ဗုံးသီးဟောင်းနှစ်လုံး တွေ့ရှိ

မိတ္ထီလာ    မေ   ၃ဝ

မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက် ကန်ပတ်လမ်းအနီး မိတ္ထီလာကန်အတွင်းမှ စစ်ကျန်လက်ပစ် ဗုံးသီးဟောင်းနှစ်လုံးကို ယမန်နေ့ညနေ  ၃ နာရီ ၄၅ မိနစ်ခန့်အချိန်က တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးမျိုးဝင်းစိုးသည် မိတ္ထီလာကန်ရေစပ်အနီးသို့ သွားရောက်စဉ်လက်ပစ်ဗုံးတွေ့ရှိကြောင်း သတင်းရရှိ၍ မြို့မရဲစခန်းမှ ဒုရဲမှူး ထွန်းထွန်းဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာ မိတ္ထီလာကန်ရေစပ်နှင့် ကိုက် ၁ဝဝ ခန့်အကွာတွင် စစ်ကျန် လက်ပစ်ဗုံးသီးဟောင်းတစ်လုံးနှင့် ၎င်းဗုံးသီးဟောင်းနှင့် ပေ ၂ဝ ခန့်အကွာတွင် အခြား စစ်ကျန် လက်ပစ်ဗုံးသီးဟောင်းတစ်လုံးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ရှိခဲ့သည့် စစ်ကျန် လက်ပစ်ဗုံးသီးဟောင်းနှစ်လုံးအား နယ်မြေခံ စစ်အင်ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ် ဝင်းဆွေဦးနှင့် တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)