လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

လယ်ဝေး     မေ    ၃၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက Book Club အဖွဲ့နှင့် စာပေဝါသနာရှင်များ၊ စာရေးဆရာမများပူးပေါင်း၍ စာရေးဆရာမ ခင်လယ်လယ်ချစ် (မြန်/ဂုဏ်)၏ "အများအားဖြင့် တစ်ပြည်လုံးတွင်သာယာမည်" စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အကြောင်းအရာများအား ရှင်းလင်းပြော ကြားသည်။ ဆက်လက်၍ Book Club မှ စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)က စာအုပ်ရေးသားရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် စာရေးဆရာ ထက်ဝေအောင်(စစ်ကိုင်း)၊ Book Club အဖွဲ့ဝင် ဦးဇော်အောင်၊ ဦးခင်မောင်ထွန်းနှင့် စာပေ ဝါသနာရှင် မသိမ့်သိမ့်ဦးတို့က "အများအားဖြင့် တစ်ပြည်လုံးတွင်သာယာမည်" စာအုပ်အား ဖတ်ရှုကာ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် မြို့နယ် ရုံးပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့် လှစ်ငှားရမ်းပေးလျက်ရှိသည်။ ၎င်းအပြင် Online မှတစ်ဆင့်ပုံပြောခြင်း၊ စာအုပ်မိတ်ဆက်၊ ကဗျာရွတ်ခြင်း၊ ဆေးရောင်လှလှခြယ်ကြမယ်၊ အရုပ်ခေါက်ခြင်းစသည့် အစီအစဉ်များကိုလည်း ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိပြီး စာဖတ်ဝိုင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)