သာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

သာစည် မေ ၃၀

မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သာစည်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ    ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ က ဉာဏ်ကန်ကျေးရွာအုပ်စု၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ဉာဏ်ကန်ကျေးရွာအုပ်စု ဉာဏ်ကန်ကျေးရွာနှင့် မောင်းတိုင်ကျေးရွာတို့မှ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်ကြားရှိ ၃(က) ၄ ဦး၊ အသက် ၁၈ နှစ်အထက် ၆(က) ၁၃ ဦးစုစုပေါင်း ၂၁ ဦးတို့အား နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်တွင် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးရာ၌  မြို့နယ်အတွင်း အမြဲတမ်းနေထိုင်ပြီး  အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများ၊ မူလနေထိုင်ရာဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး လက်ရှိမိမိမြို့နယ်အတွင်း နေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများနှင့် မည်သည့်ဒေသတွင်မျှ အိမ်ထောင်စု လူဦးရေစာရင်းမရှိသော ရွှေ့ပြောင်းလုပ်သားများအား စိစစ် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ် ဆောင်ရွက်ပေးရာတွင် နိုင်ငံသားတိုင်း  ဥပဒေနှင့်အညီ    ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး  ဆောင်ရွက်ခြင်း ဖြစ်ကြောင်းတို့ကို    လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ သာစည် မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံက သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူး တေဇာမြင့်နှင့် ဦးစိုးဝင်းအောင်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။  မြို့နယ်(ပြန်/ဆက်)