ကျောက်ပန်းတောင်း မေ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကန်ပေါက်ကျေးရွာတွင် ယမန်နေ့ ညနေ ၄ နာရီက၊ မီးဖိုဆောင်အတွင်းရှိ မီးအသုံးပြုနေသည့် ပလပ်ခုံ အပူလွန်ကဲ၍ မီးလောင်ရာမှ (၄)ပင်ပတ်လည် (၂)ထပ် နေအိမ်ထရံသို့ ကူးစက်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကန်ပေါက်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး ကြံထွန် ဦးစီး(၂+၅)ဦးသည်၊ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ၊ ကန်ပေါက်ကျေးရွာနေ ဒေါ်လှဌေး(ဘ)ဦးပန်းဇံ ပိုင်ဆိုင်သည့် (၄)ပင်ပတ်လည်(၂)ထပ် သွပ်မိုး/ထရံကာထားသည့် နေအိမ်တွင် အနောက်ဖက်တွဲလျက် မီးဖိုဆောင်ရှိ နှစ်ပင်လိမ်မီးကြိုးဖြင့် သွယ်တန်းထားသော အသုံးပြုနေသည့် မီးပလပ်ခုံတွင်၊ နှစ်ပင်လိမ်ဖြင့် သွယ်တန်းထားသော မီးဖိုခန်းနှင့် သန့်စင်ခန်းမီးတို့ ပလပ်ထိုးထားခဲ့ရာမှ ပလပ်ခုံ အပူလွန်ကဲ၍ မီးတောက်ပြီး၊ အနီးရှိ ရေနံဝနေသောထရံမှ တဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးပိုင်သူထွေး ဦးစီး(၄+၁၂)တို့မှ မီးငြိမ်းသတ်ယာဉ်(၂)စီးဖြင့် ကျေးရွာပြည်သူများ ပူးပေါင်း၍ ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရာ ညနေ(၄:၁၀)နာရီတွင် မီးညွန့်ကျိုးသွားပြီး၊ ညနေ(၄:၁၅)နာရီတွင် မီးလုံးဝငြိမ်း သတ်နိုင် ခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ကာလတန်ဘိုးငွေ (၈၀၀၀၀၀)ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိ ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုကြောင့် မီးပေါ့ဆစွာသုံးဆွဲသူ ဒေါ်လှဌေးအား မြို့မရဲစခန်းမှ (ပ)၆၇/၂၀၂၁၊ရာဇသတ် ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)