ကျောက်တန်းမြို့တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျောက်တန်း မေ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  အလက( မြို့မ) ကျောင်း ရွှေသံလွင်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းလတ် က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် ရရှိရေးအတွက်  မိဘများ အနေနှင့် မိမိတို့ ရင်သွေးရတနာများကို ကျောင်းအပ်နှံကြရန်၊ ယခင် ပညာသင်နှစ်တွင်လည်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်နှစ် တစ်နှစ် နောက်ကျခဲ့ရပါကြောင်း၊ ဆရာ၊ ဆရာမများ အနေဖြင့်လည်း အခက်အခဲများကြားမှ ဆောင်ရွက်နေရသည်ကို နားလည်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် လုံးဝ ပျောက်ကွယ်သွားခြင်း မဟုတ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အလေးထား လိုက်နာရန် လိုအပ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားပြီး ကျောက်တန်းမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအေးထွန်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုအခြေအနေများနှင့် ကျောင်းအပ်နှံ ခြင်းအား မေ လ ၂၄ ရက်နေ့မှ မေ လ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ်အဖြစ် ပိတ်ရက်မရှိ လက်ခံဆောင်ရွက် ပေးလျက်ရှိပါကြောင်း  ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်း ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield)များကို ကျောင်းသား၊ ကျောင်းသူများထံသို့ တာဝန်ရှိသူအသီးသီးက ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင်  အခြေခံပညာအထက်တန်းကျောင်း ၇ ကျောင်း၊အထက(ခွဲ) ၈ ကျောင်း၊ အလက   ၈   ကျောင်း၊ အလက(ခွဲ) ၁၅ ကျောင်း၊ မူလွန်ကျောင်း ၁၅ ကျောင်း၊ အမက ၇၂  ကျောင်း၊  အမက(ခွဲ) ၄ ကျောင်း၊ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၁ ကျောင်း စုစုပေါင်း ၁၃၅ ကျောင်း ရှိကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)