မြစ်ကြီးနား မေ ၂၉
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဒုတိယအကြိမ်အဖြစ် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက်နေ ပြည်သူများအတွက်ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီတွင် မြစ်ကြီးနား မြို့ စုပေါင်း ရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများပေးအပ်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်ပြီး ခဲ့သည့်နောက် နိုင်ငံတော်ရှေ့ဆက်သွားမည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော်၏ တာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အရ လွတ်လပ်ပြီး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပ သွားမည် ဖြစ်သည့်အတွက် ဥပဒေအရ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံ သား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူများကို မဲပေးခွင့် ရရှိအောင် ပန်းခင်းစီမံချက်ရေးဆွဲပြီး တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် မြို့နယ် အသီးသီးတွင် ဆောင်ရွက်ပေး နေပြီဖြစ်ကြောင်း၊ မိမိတို့ ကချင်ပြည်နယ်တွင် ဒုတိယအကြိမ်အဖြစ် ယနေ့ရပ် ကွက်နေပြည်သူများအတွက် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပေးအပ်ရခြင်းဖြစ်ကြောင်းနှင့် စီမံချက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ က မိမိ တို့တာဝန်ယူဆောင်ရွက်ရမည့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာ ကြားသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးဝင်းရဲထွန်းက ပန်းခင်းစီမံချက် ဖြင့် ကချင်ပြည် နယ်တစ်ဝှမ်း မြို့နယ် အသီးသီးပြည်သူများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် အိမ်ထောင်စုစာရင်း နှင့် ကိုင်ဆောင်လက်မှတ် ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား၏ နိုင်ငံသားဖြစ်တည်မူအတွက် အရေးပါမှုတို့ကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီ အဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဥပဒေချုပ်တို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ဒူကထောင် ရပ်ကွက်ရှိ ပြည်သူ (၂၇)ဦးနှင့် မြို့သစ်ကြီးရပ်ကွက်ရှိ ပြည်သူ (၁၁၀)ဦး တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အသီးသီးပေး အပ်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ လဝက ဝန်ထမ်းအိမ်ရာများ ပြင်ဆင် ဆောင်ရွက်နိုင်ရေးနှင့် ဝန်ထမ်းအိမ်ရာ သွားလမ်း ခင်းကျင်းဆောင်ရွက်ပေး နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့်မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ပထမအကြိမ် အဖြစ် ဂျာမိုင်ကောင်း ရပ်ကွက်၊ KBC နေရပ်စွန့်ခွာစခန်းနေ ပြည်သူများ အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ပြီး ကချင်ပြည်နယ် အတွင်း ပန်းခင်း စီမံချက် ကာလ (၃.၅.၂၀၂၁) ရက်မှ (၃.၁၁.၂၀၂၂) ရက်နေ့ အထိ ပြည်နယ်အတွင်းရှိ ကိုင်ဆောင်လက်မှတ်မရှိသူ (၂၀၁၃၆၆)ဦးခန့်အတွက် ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း သိရှိရသည်။