ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပ

မြစ်ကြီးနား မေ ၂၉

ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အထက်မြန်မာပြည်မှ ဦးဆောင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တွဲဆိုင်းအလိုက် ဆုချီးမြှင့်ငွေများနှင့် အကောင်းဆုံးလက်ဝှေ့ ကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးနှင့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်(အထက်မြန်မာပြည်) ဥက္ကဋ္ဌ ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် (၈)ခုတို့မှ ကစားသမားများ ပါဝင်ခဲ့ကြပြီး ရွှေခါးပတ်ချန်ပီယံ၊ ဂျပန်ဘုရင့်ဖလားဆုရ၊ ဆီးဂိမ်းလက်ရွေးစင် ဗျဂ္ဃ (ကျားဖြူကလပ်)နှင့် ရွှေခါးပတ်ချန်ပီယံစောမင်းနိုင် (ရွှေဖလားကလပ်၊မွန်ပြည်နယ်) တို့ တွဲဆိုင်းအပါအဝင် အမျိုးသားတွဲဆိုင်း (၁၃)ဆိုင်းနှင့် ရွှေစွန်ညို(ရိုးရာမာန်ကလပ်)နှင့် လထော်(မြစ်ကြီးနားကလပ် ဆိုင်းတောင်) အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းတို့၏ ယှဉ်ပြိုင်ထိုးသတ်ကြမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယ တိုင်းမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လက်ဝှေ့ဝါသနာရှင်ပြည်သူများက အားပေးကြည့်ရှုခဲ့ကြ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် လက်ဝှေ့ဝါသနာရှင်များက ဆုငွေများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအတွက် ဒိုင်အဖွဲ့ဝင်များ၊ လက်ဝှေ့ကစားသမားများနှင့် မြန်မာ့ဆိုင်းအဖွဲ့တို့အတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၁၄၂၀၀၀၀)နှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးလက်ဝှေ့ကစားသမားဆုအဖြစ် အာရှနဂါး(ကျားဖြူကလပ်)အား ဒိုင်းဆုကို ပေးအပ် ချီးမြှင့်ခဲ့သည်။