ကျိုင်းတုံမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ကျိုင်းတုံ    မေ    ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ကိုဗစ်(၁၉)ရောဂါကာကွယ်ရေးပစ္စည်များ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)၊ အလက(၃)တွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က ကျောင်းများပြန်လည် ဖွင့်လှစ်ရာတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ် သင်ကြားရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျား၊ မ၊ ဆင်းရဲ၊ ချမ်းသာ၊ မသန်စွမ်းနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ခွဲခြားမှုမပြလုပ်ဘဲ အခွင့်အရေးတူညီစွာ ပညာသင်ယူခွင့်ရရှိရေး အလေးထားဆောင်ရွက်ကြရေး စသည်တို့နှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်နယ်ပညာ ရေးမှူး(ရုံးခွဲ)ကျိုင်းတုံမှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ကျိုင်းတုံခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်မင်းသိန်း တို့က အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ၊ ပြည်နယ်ပညာ ရေးမှူး (ရုံးခွဲ)မှ  ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက  ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်အတွက် ကျောင်းသုံးဗလာစာအုပ် (၁၁၀)ဒါဇင် တို့ကို အသီးသီး ထောက်ပံ့ ပေးအပ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အခြေခံပညာအထက်တန်းကျောင်း ၅၂ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၇၂ ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း ၈၁၆ ကျောင်း စုစုပေါင်း ၉၄၀ ကျောင်းရှိပြီး၊ ကျောင်းများအလိုက် ကျောင်းအပ်နှံရေးကို ယခုလ ၂၄ ရက်မှ  စတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)