သံဖြူဇရပ်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သံဖြူဇရပ် မေ ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ပြုလုပ်ရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများတက်ရောက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်မိုးလွင်က အမှာစကားပြောကြားရာတွင် မေ၂၄ ရက်နေ့မှ၃၁ ရက်နေ့ အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ကျောင်းများဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ကာကွယ်ရေးအစီအမံနှင့်အညီ ဆောင်ရွက်ထားရှိရေး၊ ပညာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ ကျောင်းအပ်နှံရေး၊ ယခုနှစ်ကျောင်းအပ်နှံရေး ဆောင်ပုဒ် မှာ"ကျောင်းနေရွယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့"ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ကြစေရေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး(ပူးတွဲ)ဦးမြင့်ဦးမှ ​မြို့နယ်အတွင်းကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်း​ပြောကြားသည်။ ဆက်လက်၍ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့်ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူသည်။

ထို့နောက်၂၀၂၁-၂၀၂၂ပညာသင်နှစ်အခြေခံပညာကျောင်းများကျောင်းဆောက်လုပ်ရန်နှင့်ပရိဘောဂပစ္စည်းများအတွက် လှူဒါန်းငွေ စုစုပေါင်းကျပ်(၁၂၄၁၄၀၀၀)ကိုအလှူရှင်များက ပေးအပ်လှူဒါန်းရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၃၀)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ၂၄ ရက်မှ ၂၈ ရက်နေ့ထိ အခြေခံပညာကျောင်းများရှိ အထက်တန်းအဆင့်၌ ၂၀ဒသမ၀၄ ရာခိုင်နှုန်း၊အလယ်တန်းအဆင့်၌ ၂၅ဒသမ၅၂ရာခိုင်နှုန်းနှင့် မူလတန်းအဆင့်၌ ၃၅ဒသမ၆၇ ရာခိုင်နှုန်းကို ကျောင်းအပ်နှံထားပြီးဖြစ်ရာ၊ ဇွန်လ(၁)ရက်နေ့တွင် မြို့နယ်အတွင်းအခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရန် ကျန်ရှိနေသည့်ကျောင်းသားကျောင်းသူများကို ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး(ပူးတွဲ)ဦးမြင့်ဦး ထံမှသိရသည်။