ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဇေယျာသီရိ  မေ  ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းအတွင်း၌  ကျင်းပခဲ့သည်။

အစည်းအဝေးတွင် နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လိင်အကြမ်းဖက် ခံရသောအမျိုးသမီးငယ်များကို ထောက်ပံ့ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာသူ အမျိုးသမီး ငယ်များကိုနှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် ရရှိစေရေး အိမ်တွင်းမှုသက်မွေးလုပ်ငန်းနှင့် သင်တန်းများဖွင့်လှစ်ခြင်းနှင့် အကြမ်းဖက်မှု ခြိမ်းခြောက်ခံနေရမှု ကင်းဝေးစေရေးဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ ဇေယျာသီရိမြို့နယ်၊ အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးဇေထက်အောင် နှင့်တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများ၊ ကော်မတီဝင်များကမိမိတို့ ဆောင်ရွက်နေသော ကလေးသူငယ်အခွင့်အရေးများနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းလင်း(ပြန်/ဆက်)