ဘီးလင်း မေ ၂၉ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဘီးလင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ပညာ့အားမာန်) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက မိဘအုပ်ထိန်းသူများအား ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်ကြရန် ဆရာ၊ ဆရာမများအနေဖြင့် တိုက်တွန်းနှိုးဆော်ခြင်း၊ ကျောင်းအပ်နှံရေးအတွက် အနှောင့်အယှက်ဖြစ်စေသော ငွေကြေးကောက်ခံခြင်းပစ္စည်းများ ရောင်းချခြင်း မပြုလုပ်ရန် အခြေခံ ပညာဦးစီးဌာန၏ ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များကို လိုက်နာကြစေလိုကြောင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ(ထက်/လယ်/မူ)အဆင့်အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် အ ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ နှာခေါင်းစည်းနှင့် မျက်နှာအကာတို့ကို ကျောင်းသား တိုင်းသို့ အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအုပ်ကြီးများ အနေဖြင့်လည်း ထိရောက်သော သင်ကြား၊ သင်ယူမှု ဖြစ်မြောက်ရေးနှင့် ကလေးသူငယ် ကျောင်းသား/သူများ သင်ယူမှုအရည်အသွေး ပြည့်မီရေး ကျောင်းနေနှုန်း မြင့်မာရေးတို့အတွက် အဓိကစွမ်းဆောင်သူများ ဖြစ်ကြသဖြင့် “ကလေး ပျော်ကျောင်း” ဖြစ်စေရေးကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရပ်ရွာလူထုများနှင့် ပူးပေါင်းဆောင်ရွက်၍ ဆရာ့အရည်အသွေး ဖော်ဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြရန်တို့ကို ပြောကြားသည်။ ထိုနောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေပေးသော ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ face shield နှင့် mask များကို ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှမြင့်လေးနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်းအုပ်ဆရာ၊ ဆရာမ များထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဘီးလင်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၅၂)ကျောင်းရှိပြီး ဇွန်လ(၁)ရက်နေ့တွင် အခြေခံ ပညာကျောင်းများအားလုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။ ဘီးလင်း(ပြန်ဆက်)