မအီ မေ ၂၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ မအီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ(၂၄)ရက်နေ့မှစ၍ ယနေ့ အထိ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အခြေခံပညာအထက်တန်းကျောင်း-မအီတွင် ယနေ့အထိ ကျောင်းသား/သူ(၈၉၂)ဦးကို ကျောင်းလက်ခံဆောင်ရွက်ထားရှိပြီး ကျောင်းအပ်နှံရေးလုပ်ငန်းကို မေလ(၃၀)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ်နံနက် (၉) နာရီမှညနေ(၃)နာရီအထိ လက်ခံဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ထိုသိုဆောင်ရွက်ရာတွင် အ.ထ.က-မအီ ကျောင်းအုပ်ဆရာကြီး ဦးသန်းဝင်း က "ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ကျောင်းသူများအတွက် နိုင်ငံတော်က ထောက်ပံ့သော ကျောင်းသုံးစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲ့တံ၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် (Face Shield)တို့ကို အခမဲ့ထောက်ပံ့ပေးထားကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းအပ်နှံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း" ပြောကြားခဲ့သည်။
ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဦးချစ်ကိုကိုက "ကလေးများ ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းမတက်ရဘဲတစ်နှစ်နစ်နာသွားသည့်အတွက် ယခုလို ကျောင်းများပြန်လည်ဖွင့်လှစ်ပေးသည့်အတွက်ဝမ်းသာပါကြောင်း၊ကလေးများ၏ပညာရေးအတွက်အလွန်ကောင်းပါကြောင်း" ပြောကြားခဲ့သည်။
မအီမြို့အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း(၂၈)ကျောင်းရှိပြီး ဇွန်လ(၁)ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စာသင်ကျောင်းများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အ.ထ.က ကျောင်းအုပ်ဆရာကြီးဦးသန်းဝင်းထံမှသိရသည်။
အောင်ဆွေ