ဥတ္တရသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ဥတ္တရသီရိ     မေ   ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် မောင်းရမ်းကျေးရွာအုပ်စု၊ သရက်တောကျေးရွာအုပ်စုနှင့် မင်းကုန်းကျေးရွာအုပ်စုမှ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းက မြို့နယ် စုပေါင်းရုံး၌ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်နေမှုအား ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေးစနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းလမ်း များအား ရှင်းလင်းပြောကြားခဲ့သည်။

ဥတ္တရသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာဉီးစီးမှူးရုံးမှ “ပန်းခင်း စီမံချက်”ဖြင့် (၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၂) ရက်နေ့အထိ အိမ်ထောင်စု လူဦးရေ စာရင်းနှင့် အသက်(၁၆)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေး သူများကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယနေ့အချိန်ထိ အိမ်ထောင်စု လူဦးရေစာရင်း (၁၀၁)ခုနှင့်  နိုင်ငံသား စိစစ်ရေးကတ်ပြား (၁၅၆)ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏထံမှ သိရသည် ။

အောင်ကို   (ပြန်/ဆက်)