တပ်ကုန်း မေ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများကိုယ်တိုင် မိမိကျေးရွာများ ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျ စုပေါင်းလျက် ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ထောက်ပံ့ရန်ပုံငွေ ကျပ်(၁၀)သန်းဖြင့် VDP စီမံကိန်းဝင်ကျေးရွာများ ဖြစ်သည့် အေးမွန်ကျေးရွာနှင့် ဗျိုင်းအင်းအမှတ်(၅)ကျေးရွာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆက်နိုင်ထွန်း၊ဒုတိယဦးစီးမှူး ဒေါ်တင်မို့မို့ကျော်နှင့် ဝန်ထမ်းများက မေလ (၂၈) ရက်နံနက်ပိုင်းက မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်းသိရသည်။
အဆိုပါ (VDP) စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အေးမွန်ကျေးရွာ တွင် ဂါလံ (၂၄၀၀ )ဆံ့ စင်မြင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် အရှည်ပေ (၃၀၀၀) ရေပိုက် လိုင်းသွယ်တန်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဗျိုင်းအင်းအမှတ်(၅)ကျေးရွာတွင် နိဗ္ဗာန်လမ်း ရိစာခင်းခြင်းလုပ်ငန်း နှင့် Slab Culvert (၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်
ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီ ပြီးစီးရေးတို့ကို မှာကြားခဲ့သည်။ လုပ်ငန်း များကို ဧပြီလ စတုတ္ထပတ်က စတင်ဆောင်ရွက်ခဲရာ ယခုအခါ ယင်းလုပ်ငန်းများ၏ ပြီးစီးမှု ရာခိုင်နှုန်းမှာ (၆ဝ) ရာခိုင်နှုန်း ပြီးစီးဖြစ်ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ကို တပ်ကုန်းမြို့နယ်အတွင်းရှိ ဗျိုင်းအင်း အမှတ်(၅)ကျေးရွာ၊ အေးမွန်ကျေးရွာ ၊ အင်ပင်(တောင် )ကျေးရွာ၊ သရက်ကွင်း(အရှေ့)ကျေးရွာ၊ ဂွေးပင်ကျေးရွာ၊ ဂါတ်ချိုင်းကျေးရွာနှင့် ဆည်ထိပ်ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ယင်းစီမံကိန်းဝင် ကျေးရွာတစ်ရွာလျှင် စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ် (၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်း၊ တံတား၊ ရေရရှိရေးနှင့် အခြားကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။