မိုးနဲမြို့၌ အစိုးရပါဠိပထမပြန် စာမေးပွဲအခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးနဲ   မေ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်က လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဝိဇ္ဇာရိယကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တမာဃိန္ဒထံမှ ဩဝါဒခံယူတော်မူပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဖေတို့က သာသနာရေးဆိုင်ရာများ လျှောက်ထား တင်ပြခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်သာသနာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးကျော်က  အစိုးရပါဠိပထမပြန် စာမေးပွဲကို ဇွန်လ  ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဥယျာဉ်ရပ်ကွက် ဘုန်း‌‌တော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယမန်နှစ်မှ စာအောင်သံဃာတော် (၂) ပါးအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်မည့် အစီအစဉ်များကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မိုးနဲမြို့နယ်စာစစ်ဌာနတွင် မိုးနဲ၊ မောက်မယ်၊ မိုင်းပန်နှင့် လင်းခေးမြို့နယ်တို့မှ ပထမကြီး၊ ပထမလတ်၊ ပထငယ်၊ အခြေပြု ဝင်ရောက်ဖြေဆိုမည့် စုစုပေါင်း သံဃာ (၉၆)ပါး အား ဆွမ်းဆက်ကပ်လှူဒါန်းမည့် ကိစ္စရပ်များ၊ ပါဠိပထမပြန်စာမေးပွဲ ကျင်းပချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်မည့် အစီအမံများအား တက်ရောက်လာသူများမှ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်သံဃနာယကဆရာတော်နှင့် ပင့်သံဃာတော်များ ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်‌ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

  မျိုးညွန့်ရွှေ (မိုးနဲ)