မန္တလေး မေ ၂၈
အိန္ဒိယနိုင်ငံမှ ဝယ်လိုအားများနေသဖြင့် လာမည့်နှစ်အထိ မတ်ပဲနှင့် ပဲစင်းငုံများ ဈေးဆက်လက်ကောင်းနိုင်သဖြင့် တောင်သူများ ဦးစားပေး စိုက်ပျိုးသင့်ကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
" အခုလာမည့်နှစ်မှာစိုက်မယ့်အခါ မတ်ပဲနဲ့ပဲစင်းငုံကို ပိုပြီးစိုက်သင့်ပါတယ်။ ပဲတွေက သွင်းအားစုလည်းနည်းတယ်။ ပိုးသတ်ဆေး သုံးရတာလည်း နည်းတယ်။ ပြီးတော့ မတ်ပဲနဲ့ ပဲစင်းငုံက လာမယ့်နှစ်ထိ ဈေးနှုန်းအခြေအနေကောင်းနိုင်တယ်။ အိန္ဒိယဘက်က ပဲလိုအပ်ချက်ကိုဒါက အခုထိ ရှိတယ်။ အိန္ဒိယက ပဲတန် ၄ သိန်းလောက် လိုချင်တယ်။ လက်ရှိ မြန်မာနိုင်ငံမှာက တန် ၂သိန်းခွဲလောက်ဘဲ ရှိနေတဲ့အတွက် နောက်နှစ်စိုက်ပြီး ထွက်လာမယ့်ပဲအထိ ကြိုတင်ဝယ်လိုအား ရှိတဲ့သဘောမျိုး ဖြစ်တဲ့အတွက် နောက်နှစ် ဒီဈေး မရောက်တောင်မှ ဒီဈေးထက်ပိုချင်လည်း ပိုသွားနိုင်တယ်။ သို့သော် အနည်းဆုံး ဒီဈေးနီးပါး လောက်ရောက်မှာ ဖြစ်တဲ့အတွက် မတ်ပဲ၊ ပဲစင်းငုံကို တောင်သူတွေအနေနဲ့ ဦးစားပေး စိုက်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ " ဟု မန္တလေး ကုန်စည် ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးချွန်က ပြောသည်။
မတ်ပဲများကို စပါးများ ရိတ်သိမ်းပြီးချိန် သီတင်းကျွတ်လ၊ တန်ဆောင်မုန်းလနှင့် နတ်တော်လဝန်းကျင်တွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးကြပြီး မန္တလေးတိုင်းဒေသကြီး အထက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတွင် အနည်း ငယ် စိုက်ပျိုးကြကြောင်း၊ ပဲစင်းငုံကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပြီး မြန်မာနိုင်ငံအလယ်ပိုင်းမှ အများဆုံးထွက် ရှိကြောင်း သိရသည်။
“မတ်ပဲနဲ့ ပဲစင်းငုံ ဈေးကောင်းတာက အိန္ဒိယ ဝယ်လိုအားနဲ့ဘဲ ဆိုင်တယ်။ ၂၀၁၇ - ၂၀၁၈မှာတော့ အိန္ဒိယမှာက ပဲတွေအများကြီး ထွက်တယ်။ အဲတော့ မဝယ်တော့တဲ့ သဘောမျိုးရှိသွားတာကြောင့် ၂၀၁၅မှာ တစ်သိန်း နှစ်သောင်း တစ်သိန်း သုံးသောင်း လောက်နေ တဖြည်းဖြည်းချင်း ကျသွားတဲ့အချိန်မှာ တစ်သိန်းနှစ်သောင်း ၊ တစ်သိန်းသုံးသောင်းလောက်ကနေ ၉ သောင်းကနေ ၇ သောင်းလောက်ထိ ကျတယ်။ အဲကနေ ၂၀၁၇ခုနှစ်က ဈေး အကျဆုံးနှစ်လို့ ပြောရမှာပေါ့။ သုံးတင်ဝင် တစ်အိတ်ကို နှစ်သောင်းခွဲ၊ သုံးသောင်းထိ ဖြစ်သွားတယ်။ မနှစ်ကနေစပြီးတော့ အိန္ဒိယဘက်မှာ ရာသီဥတု ဖောက်ပြန်သွားတဲ့အတွက် သူတို့မှာ စိုက်ပျိုးထားတဲ့ ပဲတွေလည်း ပျက်စီးသွားတယ်။ သူတို့ဆီ အရန်ရှိနေတဲ့ ပဲတွေလည်း ကုန်သွားတယ်တဲ့အခါမှာ သူတို့ရဲ့ လိုအပ်ချက်က များ သွားတယ်။ လိုအပ်ချက်က များသွားတဲ့အခါမှာ သူတို့က မြန်မာနိုင်ငံက ပဲတွေ ဝယ်တယ်။ အဓိကကတော့ မတ်ပဲနဲ့ ပဲစင်းငုံကို အိန္ဒိယက ဝယ်တဲ့အခါမှာ ဈေးတက်သွားတယ်။ " ဟု ဆက်ပြောသည်။
မေလ ၂၈ရက်နေ့ဈေးများအရ မတ်ပဲ ၆၀ပိသာ (သုံးတင်းဝင် တစ်အိတ်) လျှင် ၁၀၀၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ် ဝန်းကျင်ရှိပြီး ပဲစင်းငုံ ၆၀ပိသာ ( သုံးတင်းဝင် တစ်အိတ်) လျှင် ၈၆၀၀၀ကျပ်မှ ၉၅၀၀၀ကျပ် ဝန်းကျင်ရှိကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) မှ သိရသည်။
တင်လင်းထက်