သထုံ မေ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၁ ခုနှစ် စိုက်ပျိုးစရိတ် ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စီမံဆောင်ရွက်ကာ ထုတ်ချေးပေးနေ ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သထုံခရိုင်ဘဏ်ခွဲမှ သိရသည်။
"ချေးငွေတွေကို ဒီလ ၂၆ ရက်နေ့က စပြီးထုတ်ချေးပေးတာပါ။ လောလောဆယ် တစ်ရွာကို တော့ ထုတ်ပေးပြီးပြီ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ဖို့အတွက် နေရာကျယ်တဲ့ သုဝဏ္ဏ ခန်းမမှာ ဆက်ပြီးထုတ်ပေးသွားမယ်။ ငွေလာထုတ်တဲ့ တောင်သူတွေကို mask တပ်တာ၊ ကိုယ်အပူချိန်တိုင်းတာ၊လက်ဆေးဖို့နဲ့ သတ်မှတ်အကွာအဝေးအတိုင်းနေကြဖို့တို့ကို စနစ်တကျ စီစဉ် ဆောင်ရွက်ထားပါတယ်" ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သထုံခရိုင်မန်နေဂျာ ဒေါ်လှလှမော်က ပြောသည်။ နိုင်ငံအတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု အထောက် အကူဖြစ်စေရေးအတွက် ၂၀၂၁ မိုးရာ သီစိုက်ပျိုး စရိတ်ချေးငွေများကို အတိုး ၅ ရာခိုင်နှုန်းဖြင့် မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း ထုတ်ချေးပေးခြင်းဖြစ်သည်။
သထုံမြို့နယ်တွင် ယခင်နှစ်က မိုးစပါးစိုက်တောင်သူစုစုပေါင်း ၅၁၁၇ ဦးတို့၏ စိုက်ဧကပေါင်း ၄၅၂၄၇ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၆၇၀၀၀ ကျော်ကို ထုတ်ချေးပေးခဲ့ပြီး ယခုနှစ်တွင် မိုးစပါးစိုက်တောင်သူစုစုပေါင်း ၅၁၄၅ ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း ၄၅၄၆၁ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်းပေါင်း ၆၈၀၀၀ ကျော်ကို ထုတ်ချေးပေး ရန်လျာ ထားကာ မေလ ၂၆ ရက်နေ့မှ စက်တင်ဘာလကုန် အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သထုံခရိုင်ဘဏ်ခွဲမှ သိရသည်။