ပင်းတယ မေ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ကျေးရွာအုပ်စုများသို့ မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်၍ ကျေးရွာအုပ်စုများသို့ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးမျိုးအောင်သင်း -ဒုလဝကမှူး၊ ဦးစိုင်းရဲညွှန့်ဦး-ဒုလဝကမှူးတို့က ဦးဆောင်ပြီး သက်ဆိုင်ရာအဖွဲ့ဝင် နှစ်ဦးစီပါဝင်၍ အဖွဲ့နှစ်ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မေလအတွင်း နန်းကုန်းကျေးရွာအုပ်စု၊ ကျားကုန်းကျေးရွာအုပ်စု၊ မြေခြားချိုင့်ကျေးရွာ အုပ်စုနှင့် မြေခြားမြောက်ကျေးရွာအုပ်စုများရှိ အသက် ၁၀ နှစ်ပြည့်ပြီးသူ ၁၄၆ ဦး၊ အသက် ၁၈ နှစ် ပြည့်ပြီးသူ ၁၅၂ ဦး၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ ၂၆ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၁၉၆ ခု တို့အား အခမဲ့ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပင်းတယမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၂၇ အုပ်စုရှိရာ အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးမှုကို ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၁ ခုနှစ်အောက်တိုဘာလအတွင်း တစ်လလျှင်ကျေးရွာအုပ်စု ၄ အုပ်စုနှုန်းဖြင့် ကျေးရွာအုပ်စု၂၇ အုပ်စုအားလုံး ပြည့်မီအောင် အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
ပင်းတယ( ပြန်/ဆက်)