ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ မေ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ကိုရင်ကျော် စီစဉ်သည့် “နေပြည်တော်စာပေဝိုင်း ဂုဏ်ထူးဆောင်နာယက စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး) ဒုတိယအကြိမ် စာပေဆု ပြိုင်ပွဲမှ ဆုရစာမူများ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။

စာဖတ်ဝိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာ စိန်ဝင်းနွယ် (ဘာသာပြန်)က "တမ်းတမိသော အိမ်မက်လေး" ဝတ္တုတိုအားလည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်မှ "ဘိုးဘိုးအောင်နှင့် အင်းလျောင်းမြေ "ဆောင်းပါးအားလည်းကောင်း၊ မောင်လေပြေ (တောင်းတွင်း)မှ "စာဆိုကဝိလေးစားမိ "ကဗျာ အားလည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုမှ "တွင်းတောင် အကြောင်း တစေ့တစောင်း" ဆောင်းပါး အားလည်းကောင်း၊ စာရေးဆရာ ဘုန်းရဲနိုင်မှ "ပွင့်သော ပန်းတိုင်းမွှေးစေချင်" ကလေးစာပေအားလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စာဖတ်ပရိတ်သတ် များကလည်း ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)