မင်္ဂလာတောင်ညွန့် မြို့နယ်တွင် အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မည့် “ပန်းခင်း” စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်

မင်္ဂလာတောင်ညွန့် မြို့နယ်တွင်  အသက် (၁၈) နှစ် ပြည့်ပြီးသူများအား ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးနိုင်ရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မည့် “ပန်းခင်း” စီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းပွဲ ပြုလုပ်

မင်္ဂလာတောင်ညွန့်   မေ  ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကဏ္ဍ (၄) ရပ် သတ်မှတ်ကာ ရပ်ကွက်များအတွင်းရှိ အိမ်ထောင်စုများအလိုက် အသက်(၁၈) ပြည့်ပြီးသူများအား ကိုင်ဆောင်လက်မှတ်များထုတ်ပေးမည့် “ပန်းခင်း” စီမံချက်နှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သီဟမှ “ပန်းခင်း” စီမံချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနအသီးသီးမှ ပေါင်းစပ်ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ မြေပြင်ကွင်းဆင်းကောက်ယူရမည့် စာရင်းအချက်အလက်များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ခိုင်မှ  ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်း (မရှိ) ကိုင်ဆောင် လက်မှတ်(မရှိ) သူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိ ဒေသသို့ ပြောင်းရွှေ့လိုသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်း (မရှိ) လက်ရှိဒေသတွင်းလည်း အိမ်ထောင်စုစာရင်းမရှိသူများ စသည့်စာရင်းများကို ရပ်ကွက်များအလိုက် မြေပြင် စာရင်းများ ကောက်ယူလျက်ရှိပြီး ပြန်လည်ရရှိလာသော စာရင်းအချက်အလက်များအရ ကိုင်ဆောင်လက်မှတ် များထုတ်ပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသိန်းဆွေမြင့် မှ “ပန်းခင်း” စီမံချက်ဖြင့် ရပ်ကွက် များအလိုက် ကွင်းဆင်းဆောင်ရွက်ရာတွင် လိုအပ်သည့် လုပ်ငန်းစီမံချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ပါသည်။ “ပန်းခင်း” စီမံချက်ဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား ကိုင်ဆောင်လက်မှတ် ထုတ်ပေးခြင်းကို မေလမှစတင်ကာ (၁၈) လအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လက်ရှိတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ စာရင်းများအရ အသက်(၁၈) နှစ်ပြည့်ပြီး ကိုင်ဆောင် လက်မှတ် ထုတ်ပေးရန် စိစစ်ရမည့်လူဦးရေ (၅၆၇၉) ဦးရှိထားပြီး အသက်(၁၆) နှစ်မှ (၁၈) နှစ်ကြား လူဦးရေမှာလည်း (၂၄၀၅) ဦးရှိကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)