ရန်ကင်း မေ ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက် ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြား ခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်က တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအားဥပဒေနှင့်အညီ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေး၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေဆဲလုပ်ငန်း တိုးတက်မှုအခြေအနေအခက်အခဲများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး ယခုလိုဆောင်ရွက်ရာတွင် အိမ်ထောင်စုဇယား မရှိသေးသည့် အိမ်ထောင်စုများ၊ အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အကြားပြည်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ပန်းခင်းစီမံချက်ကို ရန်ကင်းမြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်သို့ ဝန်ထမ်းများမှ နည်လှည့်ကွင်းဆင်းပြီး ၁၈ လ အချိန်ယူပြီး အကောင်အထည် ဖော်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လဝက တိုက်နယ်မှူးများ၊ ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)