မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား (၃) လတစ်ကြိမ် ထောက်ပံ့သည့် လူမှုရေးပင်စင်ငွေများအား အိမ်တိုင်ရာရောက် ပေးအပ်သွားမည်

ရန်ကုန်  မေ  ၂၈

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သုံးလတစ်ကြိမ် ထောက်ပံ့ ပေးလျက်ရှိသော လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် မင်္ဂလာတောင်ညွန့်မြို့နယ် အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၆၄၅) ဦးအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၊ မေလ နှင့် ဇွန်လများ အတွက် လူမှုရေးပင်စင် တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့်  စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၉၃၅၀၀၀၀) ကျပ်ကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများက ရပ်ကွက် (၂၀) ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။ 

အဆိုပါ ထောက်ပံ့ငွေများအား ယမန်နေ့ ညနေပိုင်းမှစတင်၍  ရပ်ကွက်(၂၀) ရှိ အသက်(၈၅) နှစ်နင့် အထက် ဘိုးဘွားများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)