တပ်ကုန်းမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

တပ်ကုန်း        မေ     ၂၈

နေပြည်တော် တပ်ကုန်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၈ ရက် နံနက် ၉နာရီက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ ဧရာဝတီခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးက ကျောင်းများနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် ကျောင်းလုံခြုံရေးများ ဂရုစိုက်ဆောင်ရွက်ရေး ရှင်းလင်း ပြောကြားပြီး၊ နိုင်ငံတော်မှ ထောက်ပံ့သည့် ဖတ်စာအုပ်၊ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် Face Shield၊ နှာခေါင်းစည်း(Mask)တို့ကို  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကျော်ကျော်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်သူစိုးနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံ ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သင်းသင်းယုက  ၂၀၂၁-၂၀၂၂ ခု၊ ပညာသင်နှစ်အတွက် လုပ်ငန်းစဉ်များနှင့် ကျေးဇူးတင်စကား ပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က   အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အတန်းအလိုက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

  တင်စိုးလွင်