မော်လမြိုင် မေ ၂၈
မွန်ပြည်နယ်၌ ပြည်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ၌ မော်လမြိုင်မြို့ အ.ထ.က(၆)၊ ရတနာမွန် ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်ဗိုလ်မှူးကြီးနေထွဋ်ဦး၊ ကောင်စီဝင် ဦးနိုင်လယိတမ၊ ကောင်စီဝင် ဦးအောင်ကြည်သိန်း၊ ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ အလှူရှင်များနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ရှေးဦးစွာ မော်လမြိုင် ရွှေနတ်တောင်(အ.ထ.က)မှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “မွန်ပြည်နယ်အနေနဲ့လည်း ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံ ကြပါစို့ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း အတန်းပညာကို ဆုံးခန်းတိုင် သည်အထိ သင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် ကျောင်းအပ်နှုန်းမြင့်မားစေရန် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းနေ အရွယ် ကလေးအားလုံး ရာနှုန်းပြည့် အပြည့်အဝ လာရောက်အပ်နှံရေးအတွက် နှစ်စဉ်နှစ်တိုင်း မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှု ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် အားကြိုးမာန်တက် စည်းရုံးလှုပ်ရှား ဆောင်ရွက်နေကြတာကို တွေ့မြင်ရတဲ့အတွက် ပြည်နယ် စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်းနှင့် အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးကြဖို့ တာဝန်ရှိသူများအားလုံးကို လေးလေး နက်နက်တိုက်တွန်း မှာကြားလို ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ပညာရေးမှူးဦးစန်းအောင်က မွန်ပြည်နယ်ရှိ ကျောင်းအပ်နှံမှုအခြေအနေ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အစီအစဉ်အရ ပညာရေးဝန်ကြီးဌာနမှ အခမဲ့ဖြန့်ဝေ ပေးသော ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် ကိုဗစ်−၁၉ ကာကွယ်ရေးပစ္စည်းများအား ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင် ဗိုလ်မှူးကြီး နေထွဋ်ဦးနှင့် ကောင်စီဝင်နိုင်လယိတမတို့ကပေးအပ်ရာ မြို့နယ် ပညာရေးမှူးများက လက်ခံရယူကြသည်။ ထို့နောက် ၂၀၂၁−၂၀၂၂ ပညာ သင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာ ပြည်နယ် ပညာရေးမှူး ဦးစန်းအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျောင်းသား၊ ကျောင်းသူ များက “ပညာပန်းခင်း”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မော်လမြိုင် မြို့ပေါ်ရှိ အ.ထ.က(၆)၊ အ.ထ.က(၈)နှင့် အ.ထ.က(၉)ကျောင်းများသို့ သွားရောက်ပြီး ကျောင်း လာရောက် အပ်နှံကြသော ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှု အားပေးကြပြီး ပညာရေးဌာနမှ ပေးအပ်သော ကျောင်းသုံးစာအုပ်များ၊ ကိုဗစ်−၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။ မွန်ပြည်နယ်တွင် မေလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ အခြေခံ ပညာကျောင်းများတွင် လာရောက် ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူ(၈၄၀၈၂)ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။
စမ်းစမ်းနွယ်