ကျိုက်မရောမြို့နယ်ရှိ ဂျိုင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

ကျိုက်မရော မေ ၂၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကျုံစိန်ကျေးရွာအနီးရှိ ဂျိုင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့် ခြင်းအခမ်းအနားကို ယနေ့နံနက်၈နာရီက အဆိုပါဂျိုင်းမြစ်အတွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှဒုတိယ ပြည်နယ်မှူး ဦးတင်နိုင်ဝင်း၊ ခရိုင်ဦးစီးမှူးဦးလှမင်းဇော်နှင့် ဝန်ထမ်းများ၊ ကျိုက်မရောမြို့နယ် ငါးမျိုး စိုက်ထည့်ခြင်းလုပ်ငန်း အကောင်ထည်ဖော်ရေးကြီးကြပ် ကွပ်ကဲမှုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်ဗိုလ်မှူး ဇော်မင်းနှင့် ဆည်မြောင်း ဦးစီးဌာနဦးစီးမှူး၊ စိုက်ပျိုးရေး ဦးစီးဌာနဦးစီးမှူး နှင့်ဝန်ထမ်းများ၊ကျုံစိန်ကျေးရွာမှ ရပ်မိရပ်ဖများတက်ရောက် ခဲ့ကြသည်။ ယနေ့ပြုလုပ်သော ဂျိုင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲတွင် သထုံငါးသားပေါက်စခန်းမှ ထုတ်သော ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀တွင် ငါးမြစ်ချင်းငါးတစ်သိန်း၊ ရွှေဝါငါး ကြင်းသား ပေါက် ၅သောင်းဖြစ်ကြောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံးတာဝန်ရှိသူထံမှသိရသည်။

ချိုမြတ်မြတ်ထွေး