ကျိုင်းတုံမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

ကျိုင်းတုံ        မေ     ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီ က ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။ 

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အဓိကအခွင့်အရေးများနှင့် တာဝန်များကို ဆက်စပ်နှီးနွယ်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်သာမက စေတနာရှင်ပြည်သူလူထုနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်ခင်ခင်မြင့်က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေး၊ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ထို့နောက်တက်ရောက်လာကြသည့် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အတွင်းရှိ ကလေးသူငယ်များအားလုံး အနာဂါတ်တွင် နိုင်ငံသားကောင်း၊ သမီးကောင်း ရတနာများ ပေါ်ထွန်းလာရေးနှင့် ကလေးသူငယ်အခွင့်အရေးများ ပိုမိုမြှင့်တင် ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေ၊ မူဝါဒများ စသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

အောင်ဇင်မြင့်