နေပြည်တော် မေ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြစန်းရီက စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့်စာပေ ဖတ်ရှုခြင်းဖြင့် ဗဟုသုတ ပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်းပြောကြားခဲ့ပြီး ဇေယျာသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များဖြစ်ကြ သည့် ဦးဇော်မင်းထိုက်နှင့် ဦးခိုင်လင်းအောင်တို့မှ ဦးဆောင်၍ စာရေးဆရာ ခင်စောတင့် ရေးသား သော "အိုမင်းရင့်ရော်ခြင်းကို လျော့နည်းနိုင်မည့် လျှို့ဝှက်ချက်များနှင့် ကျန်းမာရေးနည်းလမ်း များ" စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် စာပေ ဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူလေးများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြား ပေးခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေချစ်သူများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အေးလင်းထွန်း(ပြန်/ဆက်)