ဧရာဝတီမြစ်အတွင်း ငါးသားပေါက်ကောင်ရေ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

                                                                                                                         မန္တလေး၊ မေ၂၈

မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမျိုးမပြုန်းမတီးစေရေး၊ ငါးမျိုးပြန့်ပွားစေရေးနှင့် ဒေသတွင်း ငါးစားသုံးမှု ဖူလုံစေရေးတို့အတွက် နှစ်စဉ်ငါးမျိုးစိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေး နှစ်အတွင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ၃၄လမ်းနှင့်၃၅လမ်း(ကမ်းနားလမ်း)  ဂေါဝိန်ဆိပ်အနီးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် အဖွဲ့ဝင်များအား တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ညီတိုးက သရက်ကုန်း စခန်း၊ ကူမဲစခန်း၊ နတ်ရေကန်စခန်း၊ ရေနံ့သာစခန်းတို့နှင့် ငါးသားပေါက်များထုတ်လုပ်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက ငါးသားပေါက်အကောင်ရေတစ်သိန်းအား သတ်မှတ်နေရာများမှ ဧရာဝတီ မြစ်အတွင်း ငါးမျိုးများကို စိုက်ထည့်ပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ ဦးကျော်ဆန်း၊ ဦးမျိုးအောင်၊ ဦးသိန်းဌေး၊ ဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးမြင့်မောင်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့သည်။

ယင်းဧရာဝတီမြစ်အတွင်းစိုက်ထည့်သည့် ငါးမျိုးမှာမန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ ငါးသားဖောက် စခန်း(၄)ခုမှ ၂ လက်မအရွယ်ငါးသားပေါက် ငါးခုံးမကြီး  (၂၅၀၀၀)၊ ငါးမြစ်ချင်း (၃၅၀၀၀)၊ ရွှေဝါငါးကြင်း(၄၀၀၀၀)တို့ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးကောင်း မျိုးသန့်များ တိုးတက်ပြန့်ပွား စေရန်၊ ဒေသတွင်းငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရန်၊ ရေချိုငါးများမျိုး မပြုန်းတီးစေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ငါးမျိုး မပြုန်းတီးစေရေး၊ ငါးမျိုးပြန့်ပွားစေရေးနှင့် ဒေသတွင်း ငါးစားသုံးမှုဖူလုံရေးတို့အတွက် ငါးမျိုးများကို ဆည်၊ ရေလှောင်တမံ၊ သဘာဝရေလျှံကွင်းများနှင့် ကျေးရွာများရှိ စပါးခင်းများအတွင်း နှစ်စဉ်ထည့်ပေးခြင်းဖြင့် ငါးမျိုးကောင်းမျိုးသန့်များပြန့်ပွားစေပြီး ငါးလုပ်ငန်းရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

တင်လင်းထက်